Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာအတွက် အညာရှိတယ်

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

ထွန်းညိုဦး/People’s Spring

ခေါင်မိုးတောင် မြုပ်လုနီးပါး တဲအိမ်ကလေးဘေးမှာ အမွှာစက်လှေနှစ်စင်း ကပ်ထားတယ်။ အမွှာစက်လှေလို့ ခေါ်တာက စက်လှေနှစ်စင်းကိုပူးပြီး အလယ်မှာ သစ်သားပြားတွေခင်းထားလို့ ခေါ်လိုက်တာပါ။ အဲဒီလိုပူးလိုက်တဲ့အခါ လှေဟာ နှစ်ယောက်အိပ်ကုတင်လောက် ကျယ်သွားတယ်။

အဲဒီအမွှာလှေပေါ်မှာ ရေဦးပကဖက ရဲဘော်တချို့ ရေဘေးကယ်ဆယ်ရေးအတွက် ပြင်ဆင်နေတယ်။ရဲဘော်တစ်ဦးကတော့ ရေမြုပ်တဲထဲက ကြက်သွန်ဖြူတွေ သယ်ထုတ်ပေးနေတယ်။ ရေဗောင်းလန်အောင် ကြီးနေပေမဲ့ ရဲဘော်တွေဟာ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း အေးဆေးဆေးဆေးပဲ ပြင်ဆင်နေကြတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ရွှေဘိုခရိုင် အညာဒေသမှာရေကြီးတာ တစ်ပတ်လောက်ရှိပါပြီ။ သြဂုတ် ၄ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူကစပြီး တန့်ဆည်၊ ရေဦးစတဲ့နယ်တွေမှာဆည်ကျိုးပေါက်တာ၊ မြစ်ရေ၊ ချောင်းရေတွေ ကြီးတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီနောက် ဆည်တွေမှာ ရေပြည့်မှတ်ရောက်လာပြီး ရေလွှဲထုတ်မှုတွေကြောင့် တူးမြောင်းတွေ ထူးပေါက်တာ၊ တာပေါင်တွေကျိုးတာတွေဖြစ်လို့ အနီးနားက ကျေးရွာတွေ ရေလွှမ်းတာ၊ စိုက်ခင်းပျိုးခင်းတွေ ရေမြုပ်တာတွေ ဖြစ်လာတယ်။

Public Service Announcement

Public Service Announcement

သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်၊ ကာဘိုးဆည်တွေကတဆင့် မူးမြစ်ထဲကို ရေတွေလွှဲတာ၊ မိုးများတဲ့အတွက် မြစ်ရေတက်တာတွေကြောင့် မူးမြစ်ဟာ ၁၀ နှစ်ကျော်ကာလအတွင်းမှာ မကြုံစဖူး ထူးကဲစွာ မြင့်တက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်မှာတော့မူးမြစ်ဘေးတလျှောက်အပါအဝင် ဆက်စပ်ဒေသတွေဖြစ်တဲ့ ရွှေဘို၊ ရေဦး၊ ခင်ဦး၊တန့်ဆည်၊ ဒီပဲယင်း၊အရာတော်၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူစတဲ့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေဆက်တိုက်ကြုံရပါတော့တယ်။

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကရေဘေးတွေမှာတော့မီးသတ်တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ပရဟိတအသင်းတွေ၊ စစ်တပ်နဲ့ ပနံသင့်တဲ့မင်းသားမင်းသမီးတွေနဲ့ ဆယ်လီတွေ တဝေါဝေါရောက်လာကြပေမဲ့ အညာမှာတော့ အညာသူအညာသားတွေပဲ အချင်းချင်း ပြန်ကူညီနေရပါတယ်။

အညာဒေသဟာ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ ဒေသဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊လမ်းကြောင်းပိတ်ဆို့မှုတွေ လုံခြုံရေးစိုးရိမ်ရတာတွေကြောင့် အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုယ်တိုင် သွားရောက်လှူဒါန်းဖို့ ခက်ခဲတာတွေလည်း ရှိနေတယ်။

အာဏာသိမ်းစစ်တပ်က အညာဒေသမှာ အင်တာနက်ဖြတ်တာ၊ ဖုန်းလိုင်းတွေပါ ဆိုးရွားအောင် ပြုလုပ်ထားတာတွေကြောင့် ရေဘေးသင့် ဒုက္ခသည်တွေဟာ အကူအညီလိုအအပ်ချက်တွေ၊သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ပြင်ပကို မရောက်ရှိနိုင်တာတွေ ရှိတယ်။ ဒါ့ကြောင့် အညာဒေသဟာ သတင်းထုတ်ပြန်မှု ဖြန့်ဝေမှုပိုင်းနဲ့ ပတ်သတ်ရင် အားနည်းသွားကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ဘယ်ဖြစ်စဉ်မှာမဆိုအညာဒေသမှာ ဖြစ်ပွားခဲ့ရင်လူသိနည်းကြပါတယ်။ ဒီအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတာဖြစ်တဲ့အတွက် အခြားလူသိများတဲ့ ဒေသတွေနဲ့ ယှဉ်ရင် ပိုပြီး ရုန်းကန်ကြရပါတယ်။”လို့ ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုခရိုင်ဟာ ရေကြီးလေ့ကြီးထရှိတဲ့ ဒေသမဟုတ်တဲ့အတွက် ရေဘေးကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းတွေ အားနည်းခဲ့တယ်။ “ကျွန်တော်တို့မှာ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းတွေ အားနည်းပါတယ်။ ဥပမာ -အသက်ကယ်အင်္ကျီ၊လှေစတာတွေ အားနည်းပါတယ်”လို့ ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နောက်တစ်ခုက အချိန်။ စစ်တပ်က ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်တော့မယ်ဆိုတာကို ပြည်သူတွေ ကြိုမသိခဲ့ရဘူး။ “ဆည်ရေဖောက်ချလိုက်ပြီဆိုတာကို သိရတာ ၆ ရက်နေ့ ညနေပိုင်းမှာ သိရပါတယ်။ ကြိုတင်ပြင်ဆင်ဖို့ အချိန်မလုံလောက်ခဲ့ပါဘူး”လို့ ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ​ကြောင့် စစ်အုပ်စုက သဖန်းဆိပ်ဆည်ကို​အောက်ဖက်ကပြည်သူ​တွေနဲ့ ​တော်လှန်​ရေးတပ်​တွေ ဒုက္ခ​ရောက်​အောင် တမင်​ဖောက်ချတယ်လို့ ​ပြော​နေကြတာလည်းရှိပါတယ် ။ စစ်အုပ်စုက သဖန်းဆိပ်ဆည်ကို တမင်​ဖောက်ချတာ ဟုတ်၊မဟုတ်ကို လူထု​နွေဦးကစုံစမ်း​နေပါတယ် ။ဒါ​ပေမယ့် လတ်တ​လောမှာသီးခြားအတည်မပြုနိုင်​သေးပါဘူး။

လက်ရှိရေကြီးရေလျှံဒေသဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ကန့်ဘလူက ရေဘေးသင့်ပျူတွေကို ၁၅ သိန်းလှူတာကလွဲပြီး ကူညီကယ်ဆယ်ရေး ဘာတစ်ခုမှ လုပ်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ပျူရွာကိုတော့ စစ်ကောင်စီက Y12နဲ့ ရိက္ခာချပေးတာရှိပါတယ်”လို့ ရွှေဘိုပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ရေဘေးသင့်အညာကို မကူရုံံမက အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်ကိုပါ လုပ်လာပါပြီ။ အဲဒါကတော့ ရွှေဘိုမြို့ကနေ ရေဘေးသွားကူညီမယ့်သူတွေကို ရွှေဘိုခရိုင်ရဲမှူးက ခြိမ်းခြောက်နေတာပါ။ “ရွှေဘိုခရိုင်ရဲမင်းကြီးက မြို့ထဲကနေ ရေဘေး သွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှုမြောက်တာဖြစ်တဲ့ အတွက် နေအိမ်တွေ ချိတ်ပိတ်မယ်ဆိုပြီး ချိန်းခြောက်ထားတယ်လို့ သိရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရေဘေးသင့်အညာဒေသမှာ ကူညီကယ်ဆယ်ရေးတွေ ဘာတစ်ခုမှရောက်မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဘယ်လိုပဲ တားဆီးပိတ်ပင်မှုတွေ ရှိပေမဲ့ လှူမယ်ဆိုရင် လူမသိသူမသိ လှူလို့ရတဲ့နည်းတွေ အများကြီးရှိနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

“ဒုက္ခရောက်တဲ့သူ ကူညီကြေးဆိုအညာလောက် ဒုက္ခရောက်တာမရှိဘူး။ မီးဘေးလည်းသင့်တယ်။ စစ်ဘေးလည်းသင့်တယ်။ အခု ရေဘေးလည်းသင့်လိုက်တာပဲ။ ဒုက္ခတွေတခုပြီးတခုရောက်နေတာ”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါအပြင် စစ်တပ်​ဝါဒဖြန့် လူမှုကွန်ယက်အ​ကောင့်​တွေက အညာ​ရေကြီးပြီး ဒုက္ခ​ရောက်ကြတာ ၊ကူညီသူမရှိတာဟာ PDF ​တွေ​ကြောင့်ဆိုပြီး အမုန်းစကား​တွေကိုလူမှုကွန်ယက်မှာ ၊သတင်းဌာန​တွေက​ဖော်ပြတဲ့စစ်ကိုင်း​ရေ​ဘေးသတင်း​တွေ​အောက်မှာ မှတ်ချက်​တွေ ​ရေးသားဖြန့်​ဝေ​နေကြတာကိုလည်း​တွေ့ရပါတယ် ။​ရေ​ဘေးကူညီသူ​တွေကို PDF ​တွေကဖမ်းဆီးတာ ၊ဒုက္ခ​ပေးတာလုပ်လိမ့်မယ် ဆိုပြီး သတင်းအမှား​တွေဖြန့်ချီ​နေကြတာလည်းရှိပါတယ် ။တကယ်​တော့ ဒီ​နေ့ အထိ​ရေ​ဘေးအတွက် လှူဒါန်းလိုသူ​တွေကို ​တော်လှန်​ရေးတပ်​တွေက ကူညီ​ပေးမယ့်လို့ထုတ်ပြန်ထားတာရှိပြီး ​တော်လှန်​ရေးတပ်​တွေက ​နှောင့်ယှက်တာမရှိပါဘူး။ စစ်တပ်ကသာ ​ရေ​ဘေးသွားလှူသူ​တွေကို ဖမ်းဆီး​ထောင်ချမယ်လို့ ခြိမ်း​ခြောက်​နေတာဖြစ်ပါတယ်။

အဆိုးဆုံးလုပ်ရပ်က​တော့ ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်ကိုအာဏာသိမ်းစစ်တပ်ကသြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာပါ။

ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာက စျေးဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“နွားတစ်ကောင်ပဲထိတယ်။ အိမ်ကောပေါ့။ ပြည်သူတွေကတော့ ရှောင်နေရတယ်။ ကူမဲ့အဖွဲ့တွေကိုလည်း စကစက ရွှေဘိုကနေ ပေးမဖြတ်ပါဘူး။ ဒုက္ခတွေရောက်ကြရတယ်။ နောက်တစ်ပတ်မှ ရေမကျရင် မလွယ်ဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။စစ်တပ်က ရခိုင်ပြည်နယ်​ရေကြီး​နေတုန်းကလည်း ဗုံးကြဲခဲ့ပါတယ်။

လက်ရှိ ရေကြီးရေလျှံနေတဲ့ဒေသတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံး ခံခဲ့ရတဲ့ဒေသတွေပါ။ “စစ်ဘေးသင့်ထားတဲ့နယ်မြေကိုမှ ဒီလိုထပ်ဖြစ်တာဆိုတော့ တော်တော်လေး အခြေအနေက ဆိုးတယ်။ တစ်ယောက်နဲ့တစ်ယောက်က တစ်ဒေသချင်းတောင်မှ မကူနိုင်ကြဘူး။ စစ်ဖြစ်တဲ့အခါကျ ဒီရွာဖြစ်ရင် ဟိုရွာက ကူ။ ဟိုရွာကဖြစ်ရင် ဒီရွာကကူ ရသေးတယ်။ အခုဟာက တကြောလုံးကြီးဖြစ်သွားတာဆိုတော့ သူ့လည်းမကယ်နိုင်၊ ကိုယ့်လည်းမကယ်နိုင်ပေါ့”လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါ့ကြောင့် ရေဘေး လွတ်ကင်းတဲ့ အနီးအနား ကျေးရွာတွေက ပြည်သူတွေ၊ စစ်ရှောင်စခန်း အချင်းချင်းနဲ့ ရွာခံတွေက ရှိတဲ့ရိက္ခာကို မျှဝေစားသောက်ကြပြီး ကယ်ဆယ်ရေးတွေကို သက်စွန့်ဆံဖျား ပူးပေါင်းလုပ်ဆောင်ကြပါတယ်။

ဒေသခံ လူငယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ၊ နယ်ခံ စစ်ရှောင် ကူညီသူတွေကပဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာ၊ ထမင်းထုပ် ဝေငှတာတွေကို ရှေ့တန်းကနေ ဦးဆောင် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရေဘေးအတွက် အညာသူအညာသားတွေဟာ အဝေးရောက် အညာသူအညာသားတွေဆီ လှမ်းအကူအညီတောင်းရတယ်။ နီးစပ်စပ်ရာ မိတ်ဆွေတွေဆီ အလှူခံရတယ်။ ကိုယ့်အိတ်ထဲက စိုက်ကာ ကူရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

“တော်တော်လေးတော့ခက်ခဲပါတယ်။စစ်ဘေးမှာကို တော်တော်လေးပင်ပန်းနေကြတယ်။ ငွေရော၊ လူရော၊ စိတ်ရောပေါ့။ အားလုံးက ပင်ပန်းနေကြတာဆိုတော့ တော်တော်လေးတော့ ရုန်းရတယ်ဗျာ။”လို့ ကိုစိုးမိုးအောင်က ရင်ဖွင့်ပါတယ်။

လက်ရှိ အညာက ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတာကတော့ ဆေးဝါး၊စားနပ်ရိက္ခာ၊ရေသန့်၊မြွေဆိပ်ဖြေဆေးတွေ ဖြစ်ကြောင်း ကူညီ​နေသူ​တွေကပြောပါတယ်။ဒါ​ကြောင့် ကူညီချင်တယ်ဆိုရင် ကူညီစရာနည်းလမ်း​တွေက​တော့ အများကြီးရှိပါတယ်။

စစ်ဘေးကော ရေဘေးကော ကျောကော့အောင်ခံကြရတဲ့ အညာသူအညာသားတွေကတော့ သူတို့ဆီ ဘယ်သူမလာလို့ ဘယ်ဝါမရောက်လို့ ပြောမနေအားပါဘူး။ တစ်နိုင်ငံလုံးအတွက် ဆန်စပါးစိုက်ပျိုးရာဒေသကြီးတစ်ခုဖြစ်ပေမဲ့ သူတို့အတွက် ထမင်းတစ်ထုပ် ရောက်မလာလည်း စိတ်မဆိုးကြပါဘူး။ ကယ်နေကြတဲ့ အညာက ရဲဘော်တချို့ဆို စလိုက်နောက်လိုက်ပဲ။ ပြောသေးတယ်။ “ပြည်သူနဲ့အတူပေါ့ဗျာ”တဲ့။ ။

ဆက်စပ်သတင်းများ

သတင်း

တိုင်း​လေးခုမှာ​ရေ​ဘေးသင့်ပြည်သူ ၄၅၀,၀၀၀ ကျော် ရှိပြီး ၊စစ်ကိုင်းမှာပဲ ၂၂၀,၀၀၀ ကျော်

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဧရာဝတီမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင် တစ်ထောင်နီးပါး ရေဘေးသင့်နေပြီး စစ်ရှောင်တဲအလုံးရေ ၃၀ ခန့် ရေထဲမျောပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။