ကိုသုညံရေးသားသည်။
မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဤအစီရင်ခံစာသည် ကမ္ဘာတဝန်းရှိ ကင်ဆာရောဂါဖြစ်ပွားမှုလမ်းကြောင်းများကို စောင့်ကြည့်လေ့လာရန်နှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစနစ်များ ချို့တဲ့မှုကြောင့် ကင်ဆာရောဂါ ဝန်ထုပ်ဝန်ပိုးပိုမိုကြီးမားလာမှုကို မီးမောင်းထိုးပြရန် ဖြစ်သည်။
အစီရင်ခံစာအရ ကင်ဆာရောဂါသည် တကမ္ဘာလုံးအတိုင်းအတာဖြင့် သေဆုံးမှုနှုန်း အမြင့်ဆုံးရောဂါများထဲတွင် ဆက်လက်တည်ရှိနေပြီး၊ အရင်းအမြစ်နည်းပါးသော နိုင်ငံများတွင် ရောဂါရှာဖွေကုသမှုအပိုင်း၌ ကွာဟချက်များမှာ ပိုမိုကျယ်ပြန့်လာကြောင်း ထောက်ပြထားသည်။

Public Service Announcement
မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကျန်းမာရေးစနစ် ပြိုလဲမှုများ ကြုံတွေ့နေရသည့် နေရာများတွင် ဤကိန်းဂဏန်းများသည် ပိုမိုဆိုးရွားလာသည့် လက္ခဏာရပ်များကို ပြသနေသည်။
ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နှစ်စဉ် ကင်ဆာရောဂါအသစ် ဖြစ်ပွားသူဦးရေမှာ ခန့်မှန်းခြေ ၈၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး ကင်ဆာရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမှာ ၆၀,၀၀၀ ဝန်းကျင်အထိ မြင့်မားနေကြောင်း တွေ့ရှိရသည်။
ဤကိန်းဂဏန်းများသည်နိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းများ၏ စွမ်းဆောင်ရည် ကျဆင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လစ်ဟာမှုများကြောင့် ရောဂါရှာဖွေရေးတွင် အချိန်နောက်ကျခြင်းနှင့် ကုသမှုမပြည့်စုံခြင်းတို့ကြောင့်ပင် ဖြစ်သည်။
ကင်ဆာအမျိုးအစားများထဲတွင် အဆုတ်ကင်ဆာသည် အဖြစ်အများဆုံးအဖြစ် ဆက်လက်တည်ရှိနေပြီး အမျိုးသားများတွင် ပိုမိုအဖြစ်များသည်။
အမျိုးသမီးများတွင်မူ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာတို့မှာ အဓိကသေဆုံးမှုများသော ကင်ဆာများဖြစ်သည်။
အသည်းကင်ဆာဖြစ်ပွားမှုမှာလည်း အသည်းရောင်အသားဝါပိုး B နှင့် C ပိုးရှိသူများတွင် တွေ့ရသည့် ပုံမှန်နှုန်းထားအတိုင်း မြင့်မားနေဆဲဖြစ်ပြီး၊ ယင်းရောဂါသည်များအနေဖြင့် ပုံမှန်စစ်ဆေးမှုနှင့် ကုသမှုမရရှိပါက အသည်းကင်ဆာအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားနိုင်သည့် အနေအထားဖြစ်သည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ကျန်းမာရေးဝန်ဆောင်မှုများ ကျဆင်းသွားခြင်းသည် ကင်ဆာရောဂါလူနာများအတွက် သေဆုံးမှုနှုန်းကို မြင့်တက်စေသည့် အဓိကအချက်ဖြစ်သည်။
ကျန်းမာရေးအသုံးစရိတ်လျော့နည်းသွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပြိုလဲသွားခြင်းတို့ကြောင့် ယခင်က ကင်ဆာလူနာများအတွက် ထောက်ပံ့ပေးနိုင်ခဲ့သည့် အခမဲ့ဆေးဝါးအစီအစဉ်များနှင့် ပံ့ပိုးမှုများမှာ ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။
ကင်ဆာလူနာများသည် ကိုယ်ပိုင်ငွေကြေးဖြင့်သာ ကုသမှုခံယူရသဖြင့် ကုသမှုအစီအစဉ်များ ပြတ်တောက်သွားခြင်းကို ကြုံတွေ့နေရသည်။ ထို့အပြင် ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ စက်ပစ္စည်းများမှာလည်း ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် အပိုပစ္စည်းရှားပါးခြင်းများသည် ကင်ဆာကြောင့် သေဆုံးနှုန်း ကိန်းဂဏန်းများမြင့်တက်လာရခဲ့သည်။
ကင်ဆာရောဂါအတွက်အဓိကကျသော ကာကွယ်ခြင်းနှင့် စောစီးစွာ ရှာဖွေခြင်းလုပ်ငန်းစဉ်များတွင်လည်း အကြီးအကျယ်နှောင့်နှေးသွားသည်။
ကျန်းမာရေးဝန်ထမ်းများ ပြတ်လပ်မှုကြောင့် ကျေးလက်ဒေသများတွင်ရောဂါရှာဖွေမှု အစီအစဉ်များ လုံးဝနီးပါး ရပ်ဆိုင်းသွားပြီး၊ လူနာများသည် ရောဂါအဆင့် ၃ သို့မဟုတ် ၄ အထိ ရောက်ရှိမှသာ ရောဂါကို သိရှိနိုင်တော့သည့် အနေအထားမျိုး ဖြစ်လာသည်။
ဤသည်မှာ မြန်မာနိုင်ငံရှိ ကင်ဆာလူနာများအတွက် အသက်ရှင်နိုင်ခြေကို အလွန်နည်းပါးစေသည့်အဓိကအကြောင်းအရင်း ဖြစ်သည်။
ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ချက်ချင်းလက်ငင်း ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာအကူအညီများ လိုအပ်နေကြောင်းကို ပြသနေပါသည်။
စစ်အာဏာရှင်လက်အောက်တွင်ကင်ဆာရောဂါသည် လူနာတဦးတည်း၏ ပြဿနာမဟုတ်တော့ဘဲ နိုင်ငံတနိုင်ငံလုံး၏ကျန်းမာရေးစနစ် ကျဆုံးမှု၏ အကျိုးဆက်တစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။
အနာဂတ်တွင် ကင်ဆာရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ပုံငွေများ ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျွမ်းကျင်မှုကို မြှင့်တင်ခြင်း၊ နှင့် လူနာများအတွက် ဆေးဝါးရရှိနိုင်မှုအား ပြန်လည်လုပ်ဆောင်ပေးခြင်းတို့မှာမဖြစ်မနေ လိုအပ်နေသောအချက်များဖြစ်သည်။ ။
(ကိုးကား -ကမ္ဘာ့ကျန်းမာရေးအဖွဲ့ -WHOနှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ- IARCတို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာ)


















































