တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာ ညီလာခံ (WAIC)မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ AI ရပ်ဝန်းရဲ့ ဦးဆောင်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားနေပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က ကျင်းပတဲ့ ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာတော့ ရှီက အခမဲ့ ယူငင်သုံးစွဲနိုင်တဲ့ open-source ဉာဏ်ရည်တု နည်းပညာ (AI)တွေက ဖန်တီးပေးတဲ့ ရှားပါးပြီး သမိုင်းဝင်လာမယ့် အခွင့်အရေးကို အမိအရ အသုံးချကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူဟာ တရုတ်က ထောက်ပံ့ပေးမယ့် open-source AIတွေအတွက်လည်း ပုံရိပ်မြှင့်တင် စည်းရုံးပေးခဲ့သလို တရုတ်အစိုးရဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ AI စွမ်းဆောင်ရည် တိုးတက်လာအောင် ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ AIနည်းပညာကို တန်းတူညီမျှ ချိတ်ဆက်ခွင့် မရတဲ့ အခြေအနေဟာ တရားမျှတမှု ကင်းမဲ့တဲ့ သမိုင်းအသစ်တွေကို ပေါ်ထွန်းလာစေနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ AI အသုံးပြုမှု စည်းမျဉ်းတွေ၊ စံနှုန်းတွေ သတ်မှတ်ရေးဆွဲရာမှာ တရုတ်က ဦးဆောင်ကဏ္ဍကနေ ပါဝင်လိုတယ်လို့လည်း ရှီက ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ open-source AI မော်ဒယ်တွေဟာ လူအများ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပြီး နိုင်ငံအားလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ကြောင်း၊ တရုတ်အတွက်လည်း AI စံနှုန်းတွေ ထိန်းချုပ်ရေးမှာ ကွဲပြားတဲ့ ခေါင်းဆောင်နိုင်ခွင့်မျိုး ဖန်တီးပေးနိုင်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement
တရုတ်ဟာ AI နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ မျှဝေပေးပြီး လျင်လျင်မြန်မြန် တိုးတက်လာနေတဲ့ အဲဒီ နည်းပညာသစ်အတွက် နိုင်ငံတကာ စံနှုန်းတွေ ဖန်တီးနိုင်ရေး ကူညီပေးသွားမယ်လို့လည်း ရှီက ပြောဆိုသွားပါတယ်။
ရှီရဲ့ မိန့်ခွန်းထဲမှာ အမေရိကန်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုး မရှိပေမယ့် စကား အသွားအလာတွေအရ AI အနာဂတ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အတွေးအမြင်တွေဟာ အမေရိကန်က ပုံဖော်နေတဲ့ စီမံကိန်းတွေနဲ့ ကွာဟမယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။
တရုတ်ဟာ AIနည်းပညာ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် အကောင်အထည် ဖော်နေပြီး OpenAIနဲ့ Anthropicတို့လို အမေရိကန် AI နည်းပညာ လုပ်ငန်းစုကြီးတွေနဲ့ ပြိုင်ဆိုင်နေပါတယ်။
ရှန်ဟိုင်းမှာ ကျင်းပတဲ့ WAIC အခမ်းအနားကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်၊ ကာဇက်စတန် သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်၊ ပါကစ္စတန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အစ်ရှက်ဒါးဟ်တို့လို နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ WAICကို ဇူလိုင် ၁၇ ကနေ ၂၀ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































