ဇူလိုင် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အနေနဲ့ စစ်ရှောင်တွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ အထောက်အကူဖြစ်စေမယ့် နယ်စပ်ဖြတ်ကျော် စျေးကွက်ပေါ်ထွန်းရေး လမ်းစတွေ ဖော်ဆောင်ပေးဖို့အကြံပြုထားပါတယ်။
စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း အဆက်မပြတ်ထွက်ပြေးတိမ်းရှောင်နေရမှုအခြေအနေများ အောက်မှာ အမျိုးသမီးများရုန်းကန်ရှင်သန်နေရတဲ့ အတွေ့အကြုံတွေကို ဖော်ပြတဲ့ အစီရင်ခံစာကို KHRGက ဒီကနေ့ ဇူလိုင် ၂၂ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး KNU သို့ တိုက်တွန်းချက်တွေကိုလည်း ဖော်ပြထားပါတယ်။

Public Service Announcement
အဲဒီ တိုက်တွန်းချက်တွေထဲမှာ စစ်ရှောင်တွေ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ အထောက် အကူပြုစေမယ့် နတ်စပ်ဖြတ်ကျော်စျေးကွက် ပေါ်ထွန်းရေးလမ်းစ ဖော်ဆောင်ရာမှာ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကြောင်း ကဏ္ဍအားလုံးရှိ ဆုံးဖြတ်ချက် ချတဲ့ အဆင့်တိုင်းမှာ အထူးသဖြင့် KNU ရဲ့ အရပ်ဘက် ဝန်ထမ်းဌာနတွေမှာ အမျိုးသမီးတွေပိုပါဝင်လာစေရေး မြှင့်တင်ဖို့ နည်းလမ်းတွေ တက်ကြွစွာ ရှာဖွေဖော်ထုတ်ဖို့ အကြံပြုထားပါတယ်။
ဒီလို လုပ်ဆောင်ရာမှာ သင့်တော်တဲ့ စွမ်းဆောင်ရည်မြှင့်သင်တန်းတွေ ပေးတာ၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းနဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုများကဲ့သို့သော အမျိုးသမီးများရဲ့သီးခြားလိုအပ်ချက်တွေနဲ့ သင့်လျော်အောင် ဖြည့်ဆည်းပေးတာတွေ မဖြစ်မနေ လုပ်ဆောင်ဖို့အကြံပြုထားပါတယ်။
စီးပွားရေးအကျပ်အတည်းများကြောင့် နောက်ထပ်နေရပ်စွန့်ခွာနေရ မှုတွေ မဖြစ်စေဖို့နဲ့ လက်ရှိ နေရပ်စွန့်ခွာနေရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို လျှော့ချဖို့အတွက် KNU လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ အရပ်ဘက်ဝန်ထမ်းတွေရဲ့ မိသားစုဝင်များထံသို့ ဘဏ္ဍာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာပံ့ပိုး ကူညီမှုများအပြည့်အဝပေးအပ်ဖို့လည်း အကြံပြုထားပါတယ်။
KHRG ရဲ့ အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နေရပ်စွန့်ခွာတိမ်းရှောင်မှုကိုဖြစ်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများသာမက၊ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ အခြေအနေများကြောင့် အမျိုးသမီးများရဲ့ အခွင့်အရေး ပိုမိုဆုံးရှုံးရပုံကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
” ကရင်ပြည်နယ်က ရွာသူရွာသားတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒုက္ခတွေ နဲ့ စိန်ခေါ်မှုတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါ၊ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ပိုပြီးတော့ အ ချိုးအစားမမျှတအောင် ထိခိုက်ခံစားရလေ့ရှိပါတယ်” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ စောအဲလ်ဘတ်က ပြောကြားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကရင်ဒုက္ခသည်များကူညီစောင့်ရှောက်ရေးကော်မတီ (CIDKP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေမှာ တဟုန်ထိုးတိုးမြင့်လာခဲ့ပြီး လက်ရှိတွင် မြန်မာပြည်အရှေ့ တောင်ပိုင်းတစ်ခွင်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ဒသမ ၂ သန်းကျော် ရှိလာပြီလို့ ဆိုပါတယ်။


















































