-နှင်း/People’s Spring
စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေပေါ်လာခဲ့ပါတယ်။
စစ်တပ်လက်အောက်ခံဝန်ထမ်းတွေ ယူနီ ဖောင်းမဝတ်ရဲတော့လို့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ယူနီဖောင်းမဝတ်ရတဲ့ရုံး တွေရှိခဲ့သလိုယူနီဖောင်းကိုအိတ်ထဲထည့်ပြီး ရုံးရောက်မှ ဝတ်ကြရတဲ့ အခြေအနေတွေလည်းရှိခဲ့ပါတယ်။
“ဘယ်သူမှနောက်ကျောမလုံဘူးလေအဲဒီတုန်းက။လုပ်သွားရင်တချက်ပဲ။ဘာမှတောင်သိလိုက်မှာ မဟုတ်ဘူး”လို့ စစ်ကောင်စီ ဝန်ထမ်းတဦးက ပြောပါတယ်။

Public Service Announcement
အဲဒီလိုစစ်တပ်လက်အောက်ခံ လက်နက်ကိုင်သူတွေရော ၊လက်နက်မကိုင်သူတွေရော ကျောမလုံပဲ ထိတ်လန့်အောင် ပြန်ခြိမ်းခြောက်နိုင်သူတွေက မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေပါ။
စစ်တပ်ထိန်းချုပ်ထားပြီး လုံခြုံရေးကင်မရာ များစွာတပ်ဆင်စောင့်ကြည့်နေတဲ့ မြို့မှာ စစ်တပ်ကို တိုက်ခိုက်ဖို့ဟာ အလွန်စွန့်စားရတဲ့လုပ်ရပ်ပါ။ဒီလုပ်ရပ်ကို မန္တလေး မြို့ခံလူငယ် တွေနဲ့ ဖွဲ့စည်းခဲ့တဲ့GZP( Generation Z Power)အဖွဲ့က ရဲရဲဝံ့ဝံ့လုပ်ခဲ့ကြတာပါ။
“ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်တယ်ဆိုတဲ့လူငယ်တွေပေါ့။ဒီလူငယ်တွေ သနားဖို့လည်း ကောင်းသလို တကယ်လည်းလုပ်ရဲခဲ့ကြတယ်”လို့ GZPရဲဘော်တချို့နဲ့ ရင်းနှီးခဲ့ဖူးသူ မန္တလေးမြို့ခံတဦးကပြောပါတယ်။
၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်နှစ်လခန့်ကြာ မတ်လ၂၇ရက် နေ့မှာပဲ GZPအဖွဲ့ကို အဖွဲ့ဝင်၈ဦးနဲ့ပဲ စတင်ခဲ့တာပါ။ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် ဝေယံထွန်း ၊ သပိတ်အဖွဲ့ကကြယ်စင်အပါအဝင် ပြည်သူများစွာကျဆုံးခဲ့ပြီးနောက်မှာ စစ်တပ်ကိုလက်နက်ကိုင်ခုခံဖို့ပေါ်ပေါက်လာတာပါ။
“အရင်က ဆန္ဒပြပွဲ တွေမှာ ကျွန် တော်တို့က Defense ပေါ့။အဲဒီနောက် လက်နက်ကိုင်မှရမယ်ဆိုပြီး မြို့ထဲမှာတင်မိုင်းထုတ်တာ လေ့လာပြီးစခဲ့တာ”လို့ တပ်ဖွဲ့ကိုဦးဆောင်နေတဲ့ ရဲဘော်မဟူရာက ပြောပါတယ်။
အဲဒီကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေတွေမှာ အဖွဲ့ဝင်တွေဟာစစ်ပညာသွားရောက်သင်ယူခဲ့ကြပါတယ်။ အဲဒီနောက် အဖွဲ့ ဝင်၃၀ လောက်နဲ့ မန္တလေး မြို့တွင်း စစ်တပ်ရဲ့စစ်ရေးပစ်မှတ်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေ တိုးပြီးလုပ်ခဲ့ကြပါတယ်။
နယ်ပြောင်းကြလာတဲ့ စစ်တပ်အရာရှိပိုင်းတွေကိုသုတ်သင်ရှင်းလင်းတာ ၊စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးရုံး ရှေ့က ရဲကင်း တွေကိုဝင်ပစ်တာ ၊ စစ်တပ်သတင်းပေးတွေကိုသတိပေးလို့မရရင် ရှင်းလင်းတာ စတဲ့စစ်ဆင်ရေးတွေပြုလုပ်ခဲ့ပါတယ်။
“ပထမဆုံး သတိပေးစာပို့တယ်။မလိုက်နာမှ ကျွန်တော်တို့က အရေးယူတာမျိုးလုပ်ခဲ့တာပါ”လို့ ရဲဘော်မဟူရာက ပြောပါတယ်။
၂၀၂၁ခုနှစ် ၊နိုဝင်ဘာလမှာ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက MPTရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့တာမို့ စစ်သားတွေ ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တစ်လမှာ စစ်ဆင်ရေး အကြမ်းဖျင်း ငါးခုအနည်းဆုံးလုပ်ခဲ့တယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာတော့ မြို့ထဲ ကင်းပတ် နေတဲ့ စစ်ကားတွေကို လက်ပစ်ဗုံးနဲ့ မကြာခဏပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ကားတွေဟာ မြို့တွင်းမီးပွိုင့်တွေမှာ မရပ်ရဲတော့ပဲ ၊စစ်ကားတွေမသုံးတော့ပဲအိမ်စီးကား တွေပြောင်းအသုံးပြုခဲ့ကြပါတယ်။
GZP တပ်ဖွဲ့ဝင်တွေကစစ်သားတွေ၊ရဲတွေအများအပြားရှိတဲ့ ရန်ကုန်- မန္တ လေးလမ်း ပေါ်က ငါးလုပ်ငန်းဦးစီးဌာန ရှေ့မှာလည်း စစ်ကားကို ဗုံးခွဲခဲ့ပါတယ်။
ဒီလိုမြို့တွင်း စစ်အာဏာရှင်ရဲ့ ယန္တရားတွေကိုတိုက်ခိုက်ရင်း GZP ကရဲဘော်တွေရဲ့အသက် တွေလည်းပေးဆပ်ခဲ့ရတာတွေရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ်ဇူလိုင်လ၂၈ ရက်နေ့မှာ မန္တလေးမြို့မဟာမုနိဘုရားကြီးရှေ့မှာ မြို့ပြပျောက်ကြားသပိတ်အဖွဲ့ကအာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီသပိတ်အသိမ်းမှာ အသက်၂၅နှစ်အရွယ် မသူသူဇင်ကို စစ်တပ်လက်ပါးစေတဦးက ပစ်သတ်လိုက်ပါတယ်။
အလောင်းကိုပါ စစ်အုပ်စုက ဆွဲယူသွား တာမို့မိဘတွေဟာ အလောင်းကိုတောင်ပြန်မရခဲ့ပါဘူး။ဒါ့အပြင် နောက်ထပ်လူငယ်၂ဦးလည်း ဒဏ်ရာရခဲ့သလို သပိတ်အဖွဲ့မှာ လူငယ်၄ဦးပါ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်အပေါ် သွေးကြွေးဆပ်ဖို့အတွက် GZPအဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။မသူသူဇင် ကို ပစ်သတ်ပြီးတဲ့နောက် သတ်ဖြတ်သူဟာ ကိုယ်ယောင်ဖျောက်နေထိုင်ခဲ့ပါတယ်။အဲဒီလူကိုစုံစမ်းဖို့အတွက်၂၀၂၁ခုနှစ်၊ဒီဇင်ဘာ၁၂ ရက်နေ့မှာစုဝေးတိုင်ပင်ပြီး နေထိုင်ရာ တွေဆီကိုအသီးသီးပြန်ခဲ့ကြပါတယ်။
အဲဒီမှာရဲဘော်တယောက်က ဆွေးနွေးတိုင်ပင်ထားတာတဲ့အချက်အလက်တချို့ကို ဖုန်း Note (မှတ်စု)ထဲမှာရေးထားမိပါတယ်။သူအိမ်အပြန် လမ်းမှာ စစ်သားတွေက တားဆီးပြီးဖုန်းစစ်ချိန် မှတ်စုကို တွေ့ပါတော့တယ်။ဒီရဲဘော်ကို ဖမ်းဆီးပြီးတဲ့ နောက် စစ်တပ်က တခြားရဲ ဘော်တွေ နေထိုင်ရာ အိမ်တွေ လိုက်ပြခိုင်းကာ ဖမ်းဆီးပါတော့တယ်။
အဲဒီည ၉နာရီခွဲမှာ မနော်ရမံဥယာဉ်အရှေ့နားကGZP အဖွဲ့ခိုလှုံတဲ့နေအိမ်ဆီ စစ်တပ် ရောက်လာပြီး အပြန်အလှန်ပစ်ခတ်ကာ နေအိမ်မှာရှိနေတဲ့ တပ်ဖွဲ့ဝင် ၈ဦး ကျဆုံးခဲ့ပါတယ်။မြို့တွင်း ပျောက်ကြားလှုပ်ရှားတဲ့အဖွဲ့မို့ ကျည်အင်အားနည်းသလို ၊ကျည်အကုန်ပြန်လည်ခုခံပြီးတော့မှ ရဲဘော်၈ဦးကျဆုံးခဲ့တာပါ။မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးအစောဆုံး မြို့တွင်းတိုက်ပွဲလို့ ဆိုနိုင်တဲ့ပစ်ခတ်မှုမှာ စစ်အုပ်စုဘက်မှာလည်းသေဆုံးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
အဲဒီနောက် တနှစ်နီးပါးအကြာ ၂၀၂၂ခုနှစ် အောက်တိုဘာလ၁၀ရက်နေ့မှာ ကျန်တဲ့ရဲ ဘော်တွေက မသူသူဇင်ရဲ့ သွေးကြွေးနဲ့ ကျဆုံးရဲဘော်တွေရဲ့ မပြီးပြတ်သေးတဲ့တာဝန်ကို ဆပ်နိုင်ခဲ့ပါတယ်။အဲဒီနေ့မနက် ၉နာရီဝန်းကျင်မှာစစ်တပ်က လက်နက်ထုတ် ပေးထားတဲ့ စစ်တပ်သတင်းပေး၊ပျူစောထီး ဦးအောင်ဆန်းကို ရှင်းလင်းနိုင်ခဲ့တယ်လို့အဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
အဲဒီနောက်စစ်တပ်ကလုံခြုံရေးကင်မရာ တွေတပ်ဆင်ပြီး စောင့်ကြည့် နေတဲ့ကြားက ဆက်တိုက်မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေလုပ်ခဲ့ပါတယ်။
ဒါပေမယ့်၂၀၂၂ခုနှစ် ၊မေလ၁၃ ရက်နေ့မှ စစ်ကိုင်းမြို့နယ် ၊ပန်းချီကျေးရွာမှာသူတို့ရဲ့စခန်းစီးနင်းခံရပြီး ရဲဘော်၈ဦး ထပ်မံကျဆုံး ခဲ့ပါတယ်။၂၀၂၂ ခုနှစ်၊နိုဝင်ဘာလမှာလည်း စစ်ဆင်ရေးတခုလုပ်ဖို့ ရဲဘော်အချို့ကင်းထောက်ပါတယ် ။ကင်းထောက်ပြီးအပြန် ရဲပတ်ကင်းနဲ့ တွေ့ပြီး ရဲတွေကရဲဘော်တွေကို မှတ်မိသွားတာကြောင့် လိုက်လံပစ်ခတ်လို့မန္တလေး- ပုသိမ်ကြီးလမ်း၊အဆုတ် ဆေးရုံအနီးမှာ ရဲဘော်၄ဦး ထပ်မံကျဆုံးခဲ့ပါတယ်။
ဒါ့အပြင်မြို့တွင်းစစ်ဆင်ရေးတခုမှာ မိုင်းမတော်ဆမှု ကြောင့် ရဲဘော်တချို့ ကျဆုံးခဲ့ရတာမလည်းရှိခဲ့ပါတယ် ။ဒါကြောင့် မြို့ပြစစ်ဆင်ရေးတွေမှာ ရဲဘော်စုစုပေါင်း ၂၂ဦး အထိကျဆုံးခဲ့ရတယ်လို့ ရဲဘော်မဟူရာက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ မန္တလေးမြို့တွင်းကို စစ်တပ်ကလုံခြုံရေးတွေတိုးမြှင့်ခဲ့တာကြောင့်မြို့ပြပျောက်ကြားရဲဘော်တွေ အတွက် အန္တရာယ်ပိုများလာပါတယ်။ ဒါကြောင့် GZP အဖွဲ့က စစ်ဆင်ရေးထုတ်ပြန်ချက်တွေမထုတ်ဘဲမြို့တွင်းလှုပ်ရှားမှု တွေဆက်လုပ်ခဲ့ပါတယ် ။ ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ မြို့ပြကိုစွန့်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမယ့် GZPရဲဘော် မန္တလေးသားတွေဟာမြို့အနီးမှာပဲ ပြည်သူတွေနဲ့ အတူရှိနေခဲ့ကြပါတယ်။မြေပြင်တိုက်ပွဲတချို့မှာ တခြားတပ်ဖွဲ့ တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။
၁၀၂၇စစ်ဆင်ရေး သပိတ်ကျင်းမြို့နယ်တိုက်ပွဲတချို့ နဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းတိုက်ပွဲတွေမှာ မတ္တရာပကဖ နဲ့ပေါင်းပြီးအာဏာသိမ်းစစ်တပ်ကို ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။
“သပိတ်ကျင်းမှာကျွန် တော်တို့ရဲဘော် ၁ဦးကျတယ်။စုစုပေါင်းရင် ရဲဘော်၃၃ဦးကျခဲ့ပါတယ်။ ၃၃ ဦးလုံးကိုအားလုံးအမှတ်ရပါတယ်။ကျွန်တော်တို့အများကြီး သူတို့အတွက်ကြိုးစားရမယ်။သူတို့အတွက်လုပ်ပေး ရမယ်ဆိုတဲ့စိတ်နဲ့ ကျန်ရှိရဲဘော် အားလုံးကအမှတ်ရ နေပါတယ်။”လို့ ရဲဘော် မဟူရာကပြောပါတယ်။
အဖွဲ့သက်တမ်းတလျှောက် ကျရှုံးမှူတွေရှိခဲ့ပေမယ့် ဖီးနပ်ငှက်တွေလို ပြာပုံထဲကအကြိမ်ကြိမ်ပြန်မွေးဖွားလာနိုင်ခဲ့ကြပါတယ် ။အခုလည်းသူတို့အဖွဲ့ဟာမန္တလေးတိုင်းမှာတကျော့ပြန် တိုက်ပွဲတွေ ပြန်ဖော်ရင်းထွက်လာပါပြီ။
ဇွန်လ၂၇ရက်နေ့၊မနက်၄နာရီမှာစစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊သဲအင်းရွာနဲ့ မတ္တရာမြို့နယ်၊ရှင်လှရွာကအထိုင်စခန်းတွေကို တော်လှန်ရေးပူး ပေါင်းတပ် တွေ တပြိုင်တည်း တိုက်ခိုက်ပြီးစစ်ဆင်ရေးပြုလုပ်ခဲ့ကြတာပါ။
ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့အဖွဲ့ တွေဟာ အရင်ကတည်းက မန္တလေးမြို့ပေါ်မှာ ပျောက်ကြားလှုပ်ရှားပြီး စစ်တပ်ကအထိနာအောင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေဖြစ်တာတွေ့ရပါတယ်။အခုဆိုရင်မြို့ပြပျောက်ကြားအဖွဲ့ တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အောက်မှာ ကွပ်ကဲမှုခံယူပြီးတပ်ဖွဲ့ တာဝန် တွေဆက်လက် ထမ်းဆောင် နေကြပါတယ်။
စစ်အုပ်စုလက်အောက်မှာရှိနေတဲ့မန္တလေးမြို့ခံတွေကို ရဲဘော် မဟူရာက “ပြည်သူ တွေလည်းပင်ပန်းလှပါပြီ။ကိုယ့်ရပ်တည်ရေးကိုလုပ်ကြပါ။ဒါပေမယ့် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်တာမျိုးမလုပ်ကြဖို့ ကျွန် တော်တို့ မေတ္တာရပ်ခံပါတယ် “လို့သတင်းစကားပါးပါတယ်။
၂၀၂၁ ခုနှစ် မတ်လကစပြီး အာဏာသိမ်းစစ်တပ်ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့ GZP အဖွဲ့ဟာ မဟာမိတ် တွေနဲ့ပေါင်းပြီး စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အထိုင်စခန်းကိုဝင်တိုက်ပြီး တကျော့ပြန်တိုက်ခိုက်ရင်း တော်လှန်ရေးခရီးကို ခွန်အားဖြည့်ပြီးဆက်နှင်လာပြီဖြစ်ပါတယ်။
“ယုံကြည်ချက်နဲ့သွားတဲ့အတွက်ပန်းတိုင်မရောက်မချင်းဆက်သွားနေအုံးမှာပါပဲ။” လို့ ရဲဘော်မဟူရာက ပြောလိုက်ပါတယ်။


















































