ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က နိုင်ငံ အရှေ့ပိုင်းက လူသူကင်းမဲ့ရာ ကွင်းပြင်တစ်ခုထဲ ဇူလိုင် ၃၀ ရက်နေ့ မနက် အစောပိုင်းက ပျက်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားတဲ့ ပစ္စည်းဟာ ရုရှား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်း ဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး များတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးတော့ ဖောက်ခွဲရေး ပစ္စည်းတွေပါတဲ့ ထိပ်ဖူး တပ်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီ ခဲယမ်းလက်နက် ပျက်ကျလာတဲ့ အရှိန်ကြောင့် အဲဒီကွင်းပြင်မှာ ပေ ၃၀ လောက်ကျယ်တဲ့ ချိုင့်ကြီး တစ်ခုပါ ဖြစ်ပေါ်သွားခဲ့ကြောင်း သိရပါတယ်။ ဒုံးကျည်လို့ ယုံကြည်ရတဲ့ ခဲယမ်းပစ္စည်းဟာ ယူကရိန်း-ပိုလန် နယ်စပ်နဲ့ ၉၂ ကီလိုမီတာလောက် အကွာ တာနာဝါ၊ ကိုလိုနီယာ ကျေးရွာနားမှာ ကျရောက် ပေါက်ကွဲခဲ့တာပါ။
ဇူလိုင် ၃၀ ရက်နေ့ မနက်အစောပိုင်းတုန်းက ရုရှားဟာ ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက ဒုံးကျည်တွေနဲ့ လှမ်းပစ်တဲ့ထဲမှာ ပိုလန်နဲ့ နယ်စပ်နားက ယူကရိန်း အနောက်ပိုင်း မြို့ကြီးတစ်ခုဖြစ်တဲ့ လာဗစ်ဗ်လည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေဟာ ပိုလန် နယ်နိမိတ်နားထိ ရောက်ရှိလာတာကြောင့် NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ဟာ တိုက်လေယာဉ်တွေ စေလွှတ်ပြီး အခြေအနေ စောင့်ကြည့်ခဲ့ရပါသေးတယ်။
ပိုလန်ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတစ်စင်း၊ ဒါမှမဟုတ် ယူကရိန်းက တုံ့ပြန် ပစ်ခတ်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး တစ်ခု ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ တက်စ်ခ်ကတော့ ကနဦး ဆန်းစစ်မှုတွေအရ ရုရှားရဲ့ Kh-101 ခရုစ်ဒုံးကျည်တစ်စင်းလို့ ယုံကြည်ရတဲ့ အထောက်အထားတွေ တွေ့ရှိထားကြောင်း ပြောပါတယ်။
အစိတ်အပိုင်းတွေကို စစ်ဆေးကြည့်တဲ့ အခါမှာတော့ ပိုလန် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတာဟာ ရုရှားရဲ့ Kh-101 ခရုစ် ဒုံးကျည်တစ်စင်းဆိုတာ အတော်လေး သေချာ ခိုင်မာကြောင်း လူဘလင်မြို့မှာ ဇူလိုင် ၃၀ ညနေပိုင်းက ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာ ဝန်ကြီးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ထိခိုက်သေကြေမှု မရှိခဲ့ပေမယ့်လည်း ပိုလန် အနေနဲ့ အထူးတလည် အလေးအနက် သဘောထားကြောင်း တက်စ်ခ်က ပြောကြားခဲ့ပါတယ်။ ဒုံးကျည် အပျက်အစီး အစိတ်အပိုင်းတွေက လူနေ ဧရိယာနားမှာ မဟုတ်တာကြောင့် လတ်တလော အန္တရာယ်တော့ မရှိဘူးလို့လည်း သူက ဆိုပါတယ်။ အဲဒီ ဒုံးကျည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာချိန် ကတည်းက ပိုလန် လေကြောင်း ကာကွယ်ရေး စနစ်တွေက စောင့်ကြည့်နေခဲ့ပြီး ဆက်လက် ပျံသန်းလာမယ်ဆိုရင် ပစ်ချဖို့ F-16 တိုက်လေယာဉ် တစ်စီးက အသင့်ပြင်ထားခဲ့ကြောင်းလည်း တက်စ်ခ်က ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်အပြီး NATOကလည်း ပိုလန်အစိုးရနဲ့ တောက်လျှောက် ဆက်သွယ်နေပြီး NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက် လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံ အားလုံးကို အသင့်ဖြည့်တင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အခုကိစ္စအပေါ် ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက်ပိုင်း ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ ပိုလန်ပိုင်နက်ထဲ နယ်ကျော် ကျရောက်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
ကိုးကား: BBC


















































