ဇူလိုင် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇူလိုင် ၂၈ ရက် မနက် ၁၁ နာရီကျော်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ မုံရွာ-မန္တလေးလမ်းအတိုင်း တပ်မ(၃၃) သွားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်းအတွက် စစ်ကိုင်းမြို့နယ်၊ ကုန်းရွာထိပ်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး နေရာမှာတင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“သူတို့က စစ်ကိုင်း ရဲတပ်ရင်း (၁၆)နဲ့ ရဲလေ့ကျင့်ရေး (၃)ကနေ လာတာ။ ပစ(ပြည်သူ့စစ်)ရယ်၊ ရခ(ရဲ) ရယ်။ လုံခြုံရေးယူတဲ့ကောင်တွေ ပြန်ဖို့ ကားပေါ်တက်တဲ့အချိန် ဆွဲတာ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်ခံရပြီးနောက် ရုပ်အလောင်းတွေရော ကားပါ ကျန်ရစ်ခဲ့ပြီး အချိန်အတန်ကြာမှ စစ်တပ်က ရုပ်အလောင်းတွေနဲ့ ပျက်စီးသွားတဲ့ကားကို လာရောက်ဆွဲယူသယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေ ပြည်သူ့ဘက်အမြန်ရပ်တည်ဖို့နဲ့ မရပ်တည်ပါက အချိန်နေရာမရွေး တိုက်ခိုက်သွားမယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။
စစ်တပ်ဟာ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးလမ်းပေါ်က ကျေးရွာတွေအထိ စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေပြီး ဒေသခံတွေ မကြာခဏ တိမ်းရှောင်နေရပါတယ်။

















































