သြဂုတ် ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။
ICRC (International Committee of the Red Cross) ကိုယ်စားလှယ်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေအတွက် အရေးပါတဲ့ ဖြစ်ရပ်အဖြစ် PPNM က အလေးအနက် စောင့်ကြည့်နေကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်အထိ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ တွေ့ဆုံဆွေးနွေးမှုရဲ့ အသေးစိတ်အကြောင်းအရာတွေကို မသိရှိရသေးတာကြောင့် ခန့်မှန်းပြောဆိုတာ၊ အလျင်စလို ကောက်ချက်ချတာတွေကို မပြုလုပ်လိုကြောင်း PPNM က ဒီကနေ့ သြဂုတ် ၃ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။
PPNM အနေနဲ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အပြည့်အဝ အာမခံပေးဖို့၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ စံနှုန်းတွေကို လေးစားလိုက်နာဖို့နဲ့ ICRC အပါအဝင် လွတ်လပ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံနိုင်ခွင့်၊ စောင့်ကြည့်လေ့လာနိုင်ခွင့်တွေကို အပြည့်အဝ ခွင့်ပြုပေးဖို့ ထပ်လောင်းတိုက်တွန်းကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် ICRC အနေနဲ့ ယခုတွေ့ဆုံမှုနဲ့ ပတ်သက်ပြွး သတင်းထုတ်ပြန်ခဲ့ပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို အများပြည်သူ သိရှိနိုင်ရေးအတွက် ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံအသိပေး ထုတ်ပြန်ပေးဖို့ PPNMက တောင်းဆိုပါတယ်။
“ဒီတစ်ကြိမ်တည်းနဲ့ လုံလောက်မှုမရှိပါဘူး။ ပုံမှန်တွေ့ဆုံခွင့်တွေ လိုအပ်ပါတယ်။ လွတ်လပ်စွာ မိသားစုနဲ့ ဆက်သွယ်ခွင့်တွေ လိုအပ်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အာမခံပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေဖို့ လိုပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အလားတူ အကျဉ်းထောင်အသီးသီးမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးထံကိုလည်း ကွင်းဆင်းလေ့လာ ကြည့်ရှုခွင့်ရရှိရေးအတွက် ဆက်လက်တောင်းဆိုပေးဖို့နဲ့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးဖို့ PPNMက တိုက်တွန်းပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အသက်အန္တရာယ်လုံခြုံရေး၊ ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာကို အာမခံကာကွယ်ပေးဖို့နဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဆက်ဆံဆောင်ရွက်ဖို့ PPNMက ထပ်မံတောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရယ့် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း PPNMက ထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းချိန်ကတည်းကပြည်သူလူထုမြင်ကွင်းကနေ ကာလရှည်ကြာစွာ ဖုံးကွယ်ဖျောက်ဖျက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူ တွေ့ဆုံကြောင်း စစ်အုပ်စုရဲ့ ထုတ်ပြန်တာကို မယုံကြည်ကြသူများစွာရှိနေပြီး ICRC ထုတ်ပြန်မှ ယုံကြည်မယ်လို့ တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
ICRCကလည်း ဩဂုတ် ၃ရက် မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်းကို ဒီကနေ့ နေ့လည်ပိုင်းမှာ အတည်ပြုထုတ်ပြန်ထားပေမဲ့ အသေးစိတ်အခြေအနေကိုတော့ အသိပေးခြင်း မရှိပါဘူး။

















































