Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့တွေ့ဆုံခဲ့မှုမှာအဓိကတာဝန်ရှိတဲ့ အဖွဲ့ဥက္ကဋ္ဌ ကို တာဝန်မှ ရပ်စဲလိုက်​ကြောင်း CNO ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

ဩဂုတ်-၃၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုဟာ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ရဲ့ ဗဟိုဦးဆောင်အဖွဲ့တွေရဲ့ သိရှိမှု၊ အသိအမှတ်ပြု ဆုံးဖြတ်ချက် ၊တာဝန်ပေးအပ်ချက်နဲ့ တွေ့ဆုံတာမဟုတ်ဘဲ စစ်အုပ်စုနဲ့ တွေ့ဆုံရာမှာ အဓိက တာဝန်ရှိတဲ့ အဖွဲ့ဥက္ကဋ္ဌ John David ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း CNOက ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၃၁ရက်မှာ အာဏာသိမ်း​ခေါင်း​​ဆောင်မင်း​အောင်လှိုင်က သူတို့ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာCNO နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း​ပြောခဲ့ပြီး CNO ဘက်ကလည်း စစ်အုပ်စုနဲ့ တွေ့ဆုံရာမှာ အဓိက တာဝန်ရှိသူကို အရေးယူလိုက်ကြောင်းဩဂုတ် ၃ရက်ညမှာ ထုတ်ပြန်လာတာပါ။

စစ်ကောင်စီ ကိုယ်စားလှယ်တွေ နဲ့ CNO တာဝန်ရှိသူအချို့ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးCNOက သဘောထား ထုတ်ပြန်ခဲ့ရာ စစ်အုပ်စုနဲ့ တွေ့ဆုံမှုဟာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ဗဟိုကောင်စီ (Central Council-CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (Central Executive Committee-CEC)၊ နိုင်ငံရေး ဦးဆောင်ကော်

Public Service Announcement

Public Service Announcement

မတီ(Political Steering Committee-PSC) နဲ့ ကာကွယ်ရေးကောင်စီ(Defense Council-DC)တို့ရဲ့ သိရှိမှု အသိအမှတ်ပြုဆုံးဖြတ်ချက်၊ တာဝန်ပေးအပ်ချက် သို့မဟုတ် သဘောတူညီချက် လုံးဝမရှိဘဲ တာဝန်ရှိခေါင်းဆောင်အချို့က မိမိတို့ သဘောဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပါတယ်။

ဒါကြောင့် အဲဒီတွေ့ဆုံမှုမှာပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေဟာCNO ရဲ့ တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မူဝါဒတို့ကို မည်သည့်နည်းနဲ့မျှ ကိုယ်စားမပြုဟုလည်း အသိပေးပါတယ်။

ဒါ့အပြင် အဲဒီတွေ့ဆုံမှုကနေနိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ မည်သည့်သဘောတူညီချက်၊ ကတိကဝတ် သို့မဟုတ် နားလည်မှုမျိုး လုံးဝမရှိခဲ့ကြောင်းလည်း CNOက ထုတ်ပြန်ပါတယ်။

အဖွဲ့အစည်းရဲ့တရားဝင်ခွင့်ပြုချက်မရှိတဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်၍ ဖြစ်စဉ်တရပ်လုံးအပေါ် စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာဥက္ကဌကိုယ်တိုင်မှတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိကြောင်း လက်ခံကာ ရာထူးမှ နုတ်ထွက်ရန် တင်ပြခဲ့ရာ ဗဟိုကောင်စီက သဘောတူလက်ခံခဲ့ပြီး ဥက္ကဋ္ဌ တာဝန်က ရပ်စဲခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

CNO/CNDF အနေနဲ့ တော်လှန်ရေးကိုတစိုက်မတ်မတ်ဆက်သွားမယ်လို့လည်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကပြောပါတယ်။

“ ကျနော်တို့အားလုံး တော်လှန်ရေးမှာ ပါဝင်တဲ့ မဟာမိတ်တွေအားလုံးပဲ ဖြစ်ဖြစ် ၊ပြီးတော့ ချင်းမှာဆိုရင် ချင်းထဲမှာရှိတဲ့ လက်နက်ကိုင်တွေအားလုံး သဘောတူညီချက်နဲ့တနေ့နေ့ကျလို့ရှိရင်ထိုင်ခုံပေါ်မှာ စကားပြောမယ် အဲဒီလိုမျိုးမရှိမချင်းတော့ ကျနော်တို့ CNO/CNDFဆက်လက်ပြီးတော့ တော်လှန်ရေးဆက်လုပ်သွားမှာ ဖြစ်တယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

အခုလိုစစ်အုပ်စုနဲ့ တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့တဲ့ မသင်္ကာစရာ ဖြစ်စဉ်ရှိခဲ့တဲ့အပေါ် အဖွဲ့အစည်းအနေနဲ့ လုံး၀ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပါတယ်။

“ဒီလိုမဖြစ်အောင်တော်လှန်ရေးသစ္စာကို တစိုက်မတ်မတ်နဲ့ တော်လှန်ရေးသစ္စာရှိဖို့ အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ တခြားတော်လှန်ရေးမှာပါဝင်တဲ့မဟာမိတ်တွေနဲ့ရော အခြားအဖွဲ့အစည်းတွေနဲ့ပါ စည်းစည်းလုံးလုံးနဲ့ ဆက်လက်ပြီးတော့ လက်တွဲပြီး တော်လှန်ရေးဆက်သွားနေမှာ ဖြစ်တယ်”လို့ဆလိုင်းတင်မီက ပြောပါတယ်။

CNOဟာချင်းညီနောင်(Chin Brotherhood-CB) ကို စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ICNCC(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)/CB နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုများရဲ့ ဘုံရပ်တည်ချက်၊ စုပေါင်းဆုံးဖြတ်ချက်နဲ့ တော်လှန်ရေးအကျိုးစီးပွားတို့ကို အလေးထားလိုက်နာလျက်ရှိတယ်လို့ CNOက ထုတ်ပြန်ပါတယ်။

ဒါကြောင့် ICNCC/CBနဲ့ သက်ဆိုင်ရာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားနဲ့ စုပေါင်းဆုံးဖြတ်ချက်မပါရှိဘဲစစ်ကော်မရှင်နဲ့ တစ်ဖက်သတ်တွေ့ဆုံဆွေးနွေးခြင်းသို့မဟုတ်နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ထပ်မံအတည်ပြု ကြေညာပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဟာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှာ အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး “အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးမူဝါဒကိုခိုင်မာစွာ လက်ကိုင်ပြုလျက် ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်းသာမကအခြားဒေသများရှိမဟာမိတ်ညီနောင်တော်လှန်ရေးအင်အားစုများနဲ့အတူ လက်တွဲ၍တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်းလည်းထုတ်ပြန်ပါတယ်။

CNO/CNDFသည်ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ တော်လှန်ရေးရဲ့ မူလရည်မှန်းချက်များအပေါ် သစ္စာရှိစွာ ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့အတူ ခိုင်မာစွာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အသိပေးဖော်ပြပါတယ်။

CNO/CNDF အနေဖြင့် အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှု၊ ဖွဲ့စည်းပုံ၊ မူဝါဒနဲ့ တော်လှန်ရေးရဲ့အကျိုးစီးပွားကို အစဉ်ဦးစားပေး၍ မဟာမိတ်များနဲ့ လက်တွဲကာ ပြည်သူလူထုရဲ့ မျှော်မှန်းချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။