ဩဂုတ်-၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှုဘေး ထပ်မံကြုံတွေ့နေပါတယ်။
ဖားကန့်မြို့ပေါ် ရပ်ကွက်အချို့ပါ ရေဝင်နေပြီး လမ်းတွေရေမြုပ်နေတာပါ။ မြို့မရပ်ကွက်၊ ကာလီဂျောင်မှာ မြေပြိုလို့ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လကရော ဇူလိုင်မှာပါ မိုးကြီးပြီး ဒေသခံတွေ ရေဘေးကြုံခဲ့ရပါတယ်။ မြေပြိုမှုတွေလည်း မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှု၊ လမ်းနဲ့အိမ်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့လည်း မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Public Service Announcement
မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာလည်း ရေကာတာကျိုးကျလို့ ဆိုးရွားတဲ့ရေဘေးကို ဇူလိုင် ၃၀ရက်ကစပြီး ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။
ဖားကန့်ရေဘေးက တောင်ကျရေကြောင့် အချိန်တိုအတွင်း ပြန်ကျနိုင်ပေမယ့် လေးမျက်နှာမြို့ ရေဘေးကတော့ မြစ်ရေကြတာကျိုးကျတာမို့ ကာလရှည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

















































