■စစ်တပ်အာဏာသိမ်းပြီး ဒုတိယအကြိမ်ဈေးတက်တာဖြစ်၊အာဏာမသိမ်းခင် YBS ကားခ ၂၀၀ ကျပ်မှ ၆၀၀ ကျပ်ဖြစ်လာ
■အခြေခံပြည်သူတွေ ဝန်ထုပ်ဝန်ပိုးပိုဖြစ်လာ
သြဂုတ်-၁၄၊၂၀၂၆။တာရာ၊ရောင်နီ/People’s Spring
ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာကြောင့်ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။

Public Service Announcement
လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကားခတွေစျေးတတ်မယ်ဆိုတော့အဆင်မပြေဘူးလေ။ရတဲ့လစာက ၅ သိန်း။လမ်းစရိတ်ပဲရှိတယ်။ဘယ်လိုလုပ်မလဲ။အလုပ်လုပ်ချင်စိတ်တောင်မရှိတော့ဘူး” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
YBSစီနင်းသူအချို့ဟာအလုပ်ကိုသွားဖို့အတွက်အဆင်ဆင့်စီးရတာတွေရှိတာကြောင့် ကားခတင်များစွာပိုကုန်လာမှာဖြစ်တယ်လို့ပြည်သူအချို့ကပြောပါတယ်။
ယာဉ်စီးခကို တိုးလိုက်တာက နေ့စဉ်ခရီးသွားလာနေရတဲ့ ပြည်သူတွေအတွက် ကုန်ကျစရိတ်ပိုကုန်ကျလာသလို အကြွေပြဿနာလည်း ပိုကြုံလာရနိုင်တယ်လို့ ခရီးသွားတွေက ရင်ဖွင့်ထားကြပါတယ်။
“၄၀၀တောင် ၅၀၀ပေးစီးနေရတာ ၆၀၀ သာဆို ၁၀၀၀တန်ပေးရင်ပြန်မရလောက်တော့ဘူး” လို့ YBS စီးသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်စတက်မယ့် ယာဉ်စီးခ ၄၀၀ ကနေ ၆၀၀ ၊ ၂၀၀ ကနေ ၃၀၀တိုးမြှင့်လိုက်တာက ဈေးမတက်ခင်ကထက်ငါးဆယ်ရာခိုင်နှုန်း ဈေးတတ်သွားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းဒုတိယအကြိမ်ဈေးတတ်တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကYBS ယာဉ်စီးခတွေက ၂၀၀ ကျပ် ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၀၀ ကျပ်အထိ ဈေးတတ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဈေးနှုန်းတိုးမြှင့်ကောက်ခံရတာက YBS ယာဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ယာဉ်တွေပြင်ဆင်ရာမှာ ကုန်ကျစရိတ်တိုးမြင့်တာကြောင့်လို့ စစ်အုပ်စုကဆိုပါတယ်။
“ယာဥ်အပိုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေကိုတော့မစီစစ်ဘဲလျစ်လျူရှု့ထားပီး ခဗျားတို့ဝင်ငွေထွက်ငွေမမျှတတာကိုကျတော့ပြည်သူတွေစီကပဲ အဖြေရှာတတ်ကြတာလား.. အမြတ်ကြီးစား လူလည်ကျ ဂုတ်သွေးစုပ် ခေါင်းပုံဖြတ်နေကြတဲ့ ဝိသမလောဘသားတွေကလွဲပီးကျန်တဲ့ပြည်သူအားလုံးက ဘက်ပေါင်းစုံက လည်နင်းခံနေရတာဗျ…တော်တော်တရားကျတဲ့လောကကြီးပဲနော်.” လို့ ခရီးသည်တစ်ဦးကလည်း ရင်ဖွင့်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေရှားပါးကာ ငွေဖောင်းပွပြီးအထွေထွေစာရိတ်တွေကြီးမြှင့်တာကြောင့်ပြည်သူအများစုက အခြေခံစားဝတ်နေရေးအတွက်ကိုတောင်ရုန်းကန်နေကြရတာဖြစ်ပါတယ် ။
ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အသုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။
YRTC ရဲ့လက်အောက်မှာ ယာဉ်စီးရေ ၅၃၉၉ စီးရှိတဲ့အနက် နေ့စဉ်ပြေးဆွဲတဲ့ ယာဉ်အစီးရေ ၃၃၀၀ ခန့် ရှိပြီး YPS ကတ်ကိုတော့ ယာဉ်စီးရေ (၁၉ဝ၄) မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။


















































