ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ဩဂုတ် ၃၀ ရက်နေ့က ရှီနဲ့ ဇနီးဖြစ်သူ ပန်လိယွမ်တို့ဟာ ကာဂျစ္စတန်ရဲ့ မြို့တော် ဘစ်ရှ်ကက်ကို လေကြောင်းကနေ ဆိုက်ရောက်လာခဲ့ပါတယ်။ မာနက်စ် နိုင်ငံတကာ လေဆိပ်ကို လေယာဉ်ဆိုက်လာပြီးတဲ့နောက် အိမ်ရှင် သမ္မတ ဆာဒါးရ် ဂျာပါရော့ဗ်နဲ့ သမ္မတကတော် အိုင်ဂူးလ် ဂျာပါရော့ဗ်တို့ကိုယ်တိုင် ရှီနဲ့ပန်တို့ကို လာရောက် ခရီးဦးကြိုပြု နှုတ်ဆက်ခဲ့ပါတယ်။
ကာဂျစ္စတန်ဟာ ရှီရဲ့ ခရီးစဉ်ကို ကော်ဇောနီခင်းပြီး ရိုးရာဓလေ့တွေ၊ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဩဂုတ် ၃၀ ညပိုင်းမှာတော့ ကာဂျစ္စတန် သမ္မတ အိမ်တော်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ သမ္မတ ကတော်တွေ ညစာအတူ သုံးဆောင်ရင်း ရင်းရင်းနှီးနှီး စကားစမြည် ပြောခဲ့ကြတယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ရှီဟာ SCO အစည်းအဝေး တက်ဖို့ရော၊ သမ္မတ ဂျာပါရော့ဗ်ရဲ့ သီးသန့် ဖိတ်ကြားမှုကြောင့်ပါ ဘစ်ရှ်ကက်မြို့ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ ကာဂျစ္စတန်ရဲ့ ဆက်ဆံရေးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေထဲမှာ မယိမ်းမယိုင်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကြံ့ကြံ့ခံရင်း တိုးတက် ဖွံ့ဖြိုးလာခဲ့ကြောင်း ရှီက ချီးကျူးခဲ့ပါတယ်။

Public Service Announcement
SCOရဲ့ ၂၅ ကြိမ်မြောက် ညီလာခံကို စက်တင်ဘာ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေက ကာဂျစ္စတန်မှာ အစည်းအဝေး တက်ကြမယ်လို့ သိရပါတယ်။ ဒါကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ၊ ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ် ရှရစ်ဖ်၊ အီရန် သမ္မတ မာဆွတ် ပက်ဇက်ရှ်ခန်းတို့လည်း ကာဂျစ္စတန်ကို လာရောက်ကြမှာ ဖြစ်ပါတယ်။
အခုနှစ် အစည်းအဝေးမှာတော့ SCOရဲ့ ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့မှု ခရီးကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ကြေညာမယ့် ဘစ်ရှ်ကက် ကြေညာစာတမ်းကို အဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်း လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။
ရှီဟာ ကာဂျစ္စတန်မှာ အစည်းအဝေး တက်ပြီးရင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ဆီကို နိုင်ငံတော် ခရီးစဉ်အဖြစ် ဆက်လက် ထွက်ခွာမှာပါ။ အခုခရီးစဉ်တွေဟာ အာရှအလယ်ပိုင်းနဲ့ အာဖရိက အရှေ့မြောက်ပိုင်း ဒေသတွင်း နိုင်ငံတွေအပေါ် တရုတ်ရဲ့ သက်ရောက် လွှမ်းမိုးမှုကို မြှင့်တင်ဖို့ ရှီရဲ့ သံတမန်ရေး မဟာဗျူဟာ အခင်းအကျင်း တစ်ခုအဖြစ် ရှုမြင်မှုတွေလည်း ရှိနေပါတယ်။
အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီရဲ့ ဖိတ်ကြားမှုကြောင့် ရှီဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း အီဂျစ်ကို ပထမဆုံးအကြိမ် သွားရောက်မယ်လို့ တရုတ် အစိုးရက ထုတ်ပြန်ထားပါတယ်။ ရှီရဲ့ အီဂျစ်ခရီးစဉ်မှာတော့ တရုတ်-အီဂျစ် စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု အသစ်တွေကို ကြေညာဖွယ် ရှိပါတယ်။
တရုတ်နဲ့ အီဂျစ်တို့ဟာ ဩဂုတ် ၂၂ ရက်နေ့တုန်းက အီဂျစ်နိုင်ငံမှာရှိတဲ့ လေတပ်အခြေစိုက် စခန်းတွေမှာ Eagles of Civilizationဆိုတဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှု တစ်ခုကို စတင်ခဲ့ပါတယ်။ လေတပ်ချင်း ပူးပေါင်း လေ့ကျင့်မှု အစီအစဉ်အရ ပထမဆုံးအကြိမ်အဖြစ် အာဖရိကတိုက်မှာ တရုတ်ရဲ့ တိုက်လေယာဉ်တွေကို ဖြန့်ကျက်ပြီး လေ့ကျင့် ပျံသန်းစေခဲ့ပါတယ်။ တရုတ် လေတပ်ရဲ့ အဆင့်မြင့် ဘက်စုံသုံး J-16 တိုက်လေယာဉ်တွေဟာ ဝေဟင်မှာပဲ ဆီဖြည့်တဲ့ နည်းလမ်းကို အသုံးပြုပြီး အီဂျစ်ထိ ၉ နာရီလောက်ဆက်တိုက် မရပ်မနား ပျံသန်းပြီး ရောက်ရှိခဲ့ကြတာပါ။
တရုတ်ရဲ့ တိုက်လေယာဉ်တွေဟာ အီဂျစ်လေတပ်ရဲ့ Rafaleနဲ့ MiG-29 တိုက်လေယာဉ်တွေနဲ့အတူ လေကြောင်းစီးချင်းထိုးမှု၊ ပူးပေါင်းချိတ်ဆက် ပျံသန်းမှုစတဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ပါတယ်။ အီဂျစ်ဟာ အမေရိကန်ရဲ့ စစ်လက်နက်တွေအပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးစားနေပြီး တရုတ်က အာဖရိက မြောက်ပိုင်းမှာ နိုင်ငံရေးဩဇာ ချဲ့ထွင်ဖို့ ကြိုးစားနေချိန်မှာပဲ အခုလို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုမျိုးကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ကိုးကား: Xinhua


















































