တရုတ်မှာ ဟင်းသီးဟင်းရွက်တွေကို ဖော်မလင် စိမ်တယ်ဆိုတဲ့ သတင်းကြောင့် အာရှနိုင်ငံ တချို့မှာ ဂေါ်ဖီထုပ်တွေကို ဓာတ်ခွဲ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်ရဲ့ အဓိက ဂေါ်ဖီစိုက်ပျိုးထုတ်လုပ်ရာ ဟီပေကနေ ထွက်ရှိတဲ့ ဂေါ်ဖီထုပ် တချို့မှာ ဖော်မယ်လ်ဒီဟိုက် ပျော်ရည်၊ တစ်နည်းအားဖြင့် ဖော်မလင် စိမ်ထားတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရုတ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဟီပေက ဂေါ်ဖီစိုက်ခင်း တစ်ခုမှာ အလုပ်သမားတွေက ဂေါ်ဖီတွေကို ဆေးရည်တစ်မျိုးထဲ စိမ်ပြီးမှ ကားပေါ်တင်နေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ နောက်ပိုင်းစစ်ဆေးမှုတွေအရ အဲဒီအရည်ဟာ ရေရှည်ထိတွေ့ စားသုံးရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဖော်မလင်တွေ ဖြစ်တယ်ဆိုတာ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်တွေကို မပုပ်မသိုးဘဲ ကြာရှည်ခံစေဖို့အတွက် အဲဒီ ဘေးဥပါဒ် ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကျန်းမာရေး ပညာရှင်တွေကတော့ ဖော်မလင်ပါတဲ့ အစားအစာတွေဟာ ဗိုက်နာတာ၊ အော့အန်တာ၊ မအီမသာဖြစ်တာတွေကို ခံစားရစေနိုင်ပြီး ရေရှည်မှာ အစာအိမ်လမ်းကြောင်းကင်ဆာ၊ ကျောက်ကပ်နဲ့ အသည်း ပျက်စီးမှုတွေ ဖြစ်စေနိုင်ကြောင်း သတိပေးထားပါတယ်။

Public Service Announcement
အဲဒီ အရှက်ရစရာ ကိစ္စမျိုး ပေါ်ပေါက်လာတဲ့နောက် တရုတ်မှာ အာဏာပိုင်တွေဟာ ဟင်းသီးဟင်းရွက် စျေးကွက်ကို အပူတပြင်း လိုက်လံ စစ်ဆေး ရှာဖွေနေပြီး အရှုပ်တော်ပုံနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး အရေးယူနေပါတယ်။ ပြီးတော့ တရုတ်ဆီကနေ ဂေါ်ဖီတင်သွင်းတဲ့ အာရှ နိုင်ငံတွေမှာလည်း အခုကိစ္စကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
စင်ကာပူရဲ့ အစားအသောက် လုံခြုံရေး အေဂျင်စီဖြစ်တဲ့ SFAက အခုအခါ ပြည်တွင်းစျေးကွက်ထဲ ရောက်နေတဲ့ ဂေါ်ဖီတွေမှာ အစားအသောက် အရည်အသွေး စိစစ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ပါတယ်။ ကင်မ်ချီပြုလုပ်ဖို့ တရုတ်ဆီကနေ ဂေါ်ဖီတွေ အများအပြား တင်သွင်းလေ့ရှိတဲ့ တောင်ကိုရီးယားမှာလည်း အလားတူ တင်းကျပ်တဲ့ စည်းမျဉ်းတွေ သတ်မှတ်ပြီး စိစစ်နေပါတယ်။
ထိုင်ဝမ်ကလည်း တရုတ်ရဲ့ ဖော်မလင်စိမ် ဂေါ်ဖီထုပ် အရှုပ်တော်ပုံကြောင့် ပြည်တွင်းစျေးကွက်မှာ ဂေါ်ဖီနမူနာတွေကို ဓာတ်ခွဲ စစ်ဆေးနေကြောင်း ပြောပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ဆီကနေ တိုက်ရိုက် ဂေါ်ဖီဝယ်ယူ တင်သွင်းမှု မရှိပေမယ့် တစ်ဆင့်ခံ လမ်းကြောင်းတွေကနေ ပြည်တွင်းကို မသန့်ရှင်းတဲ့ ဂေါ်ဖီတွေ ဝင်ရောက်လာမှာကို စိုးရိမ်နေပါတယ်။
တရုတ်က လူသိများတဲ့ Vlogger တစ်ဦးက ဟီပေမှာ ဂေါ်ဖီတွေကို ဖော်မလင်စိမ်နေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့တာပါ။ ဩဂုတ် ၂၂ ရက်နေ့မှာတော့ တရုတ် အာဏာပိုင်တွေက အဲဒီကိစ္စဟာ အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ဝန်ခံပြီး အရေးယူ တုံ့ပြန်မှုတွေကို စတင်ခဲ့ပါတယ်။
ဖော်မလင်မှာ ပါဝင်တဲ့ ဖော်မယ်လ်ဒီဟိုက်ဟာ လူသားတွေကို ကင်ဆာရောဂါ ဖြစ်ပွားစေတဲ့ ဓာတ်ပစ္စည်း တစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အဖွဲ့အစည်းက တရားဝင် သတ်မှတ်ထားပါတယ်။
ကိုးကား: CNA

















































