အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ ထိုင်းနိုင်ငံရဲ့ အပန်းဖြေ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တယားဆီ ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ ၉ လကျော်လောက် ဆက်တိုက် တာဝန် ထမ်းဆောင်ခဲ့ရသလို အီရန်စစ်ပွဲမှာလည်း ပါဝင် တိုက်ခိုက်ခဲ့တဲ့နောက် Lincolnပေါ်က အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဆိုးရွားလာနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန် ရေတပ်ဟာ တခြား လေယာဉ်တင် သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်း ဒေသဆီ အစားထိုး စေလွှတ်ခဲ့ပြီး Lincolnကို အရှေ့တောင်အာရှ ဒေသဆီကို ဦးတည် ခုတ်မောင်းစေခဲ့ပါတယ်။
ဩဂုတ်လကုန်ပိုင်း ကတည်းက ထိုင်းနဲ့အမေရိကန် စစ်ဘက် အရာရှိတချို့က Lincolnဟာ စက်တင်ဘာ လဆန်းပိုင်း တစ်ရက်ရက်ကျရင် ထိုင်းမှာ ကမ်းကပ်ရပ်နားမယ်ဆိုတာ ကြိုတင် မှတ်ချက်ပေးထားကြပါတယ်။ ဒါပေမဲ့ အဲဒီ ကမ်းကပ်မယ့် ကိစ္စဟာ စစ်ဆင်ရေး၊ ဒါမှမဟုတ် လေ့ကျင့်ရေး ကိစ္စတွေကြောင့် လုံးဝမဟုတ်ဘဲ သင်္ဘောပေါ်က ရေတပ်သားနဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ကို စိတ်လက် အနားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့သာ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က ရှင်းလင်းထားပါတယ်။
ပတ္တယား ဆိုတာဟာ ဗီယက်နမ် စစ်ပွဲကာလ ကတည်းက အမေရိကန် တပ်ဖွဲ့ဝင်တွေ အေးအေးလူလူ အပန်းဖြေ အနားယူလေ့ရှိတဲ့ နေရာတစ်ခုအဖြစ် လူသိများပါတယ်။

Public Service Announcement
စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာတော့ နျူကလီးယား စွမ်းအင်သုံး ဧရာမ ရေယာဉ်ကြီးကို အင်ဂျင်အား ကောင်းကောင်းနဲ့ ဆွဲသင်္ဘောလေးတွေက ပတ္တယားရဲ့ လမ်ချာဘန် ဆိပ်ကမ်းဆီ ဆွဲယူလာတာကို ဒေသခံတွေ တွေ့မြင်ခဲ့ပါတယ်။
လမ်ချာဘန်ကို ရောက်လာတာဟာ ရေတပ်နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေအတွက် အနားယူဖို့၊ အားပြန်ဖြည့်ဖို့ ထိုက်တန်တဲ့ အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်တယ်လို့ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (CSG) အမှတ် ၃ ရဲ့ ဦးစီးချုပ် နောက်တန်းသေနာပတိ ရောဘတ် လော့ရန်းက ပြောကြားခဲ့ပါတယ်။
Lincolnရဲ့ ရေယာဉ်မှူး ဒန်ကီလာကလည်း ၂၈၆ ရက်ကြာ သမိုင်းဝင် စစ်ဆင်ရေးကာလရှည်ကြီးအပြီး ကမ်းပြန်ကပ်ခွင့် ရခြင်းက အမေရိကန် စစ်သည်တွေအတွက် လှပတဲ့ ထိုင်းနိုင်ငံကို ထိတွေ့ ခံစားခွင့် ရလာစေမယ်လို့ ပြောပါတယ်။ ပတ္တယားမှာရှိတဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ဦးကတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ နေ့လယ်စာ မစားခင်လောက်မှာ သင်္ဘောပေါ်က ဆင်းလာမယ်လို့ ယူဆကြောင်း ပြောပါတယ်။
မြို့ထဲက နေရာတချို့မှာတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ကြိုဆိုကြောင်း စာတန်းတွေ ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။
Lincolnဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက အမေရိကန်ကနေ စတင်ထွက်ခွာခဲ့ပြီး တောင်တရုတ်ပင်လယ်မှာ သွားရောက် ဖြန့်ကျက်ထားခဲ့ပါတယ်။ အဲဒီနောက် လွန်ခဲ့တဲ့ ၆ လလောက်က အီရန်စစ်ပွဲ မစတင်ခင်လေးမှာတင် အရှေ့အလယ်ပိုင်းဆီ ခုတ်မောင်းသွားခဲ့ကြောင်း သိရပါတယ်။
ပတ္တယားဟာ ထိုင်းမှာတော့ လှပတဲ့ ကမ်းခြေတွေ၊ ညဉ့်နက်အချိန်ထိ သက်ဝင်မြူးကြွနေတဲ့ လူနေမှုပုံစံနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားပါတယ်။
မကြာသေးခင်က ပတ္တယားမှာ ပြည့်တန်ဆာ တချို့ကို ဖမ်းဆီးမှုတွေ ရှိခဲ့ပေမယ့်လည်း ပတ္တယား မြို့တော်ဝန် ပိုရမာဆီ ငမ်ပီချက်စ်က ဒီကိစ္စဟာ အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိလာမှုနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။
ကိုးကား: AFP


















































