တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားပြီး ကျောင်းတွေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပါ ယာယီ ပိတ်ထားရပါတယ်။
ဖူကျန်းနဲ့ ကွမ်တုံဒေသတွေမှာ စက်တင်ဘာ ၄ ရက်နေ့ထိလည်း တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံနိုင်ကြောင်း တရုတ် မိုးလေဝသ ဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆော်ဒဲလ်မုန်တိုင်းကြောင့် မြို့ပြနဲ့ ကျေးလက်ဒေသ အတော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ကားတွေပါ ရေထဲ မျောပါကုန်ပါတယ်။
ဖူတင်းနဲ့ ကျင်ရှိမြို့တွေမှာတော့ သုံးထပ်တိုက်တစ်လုံး ပြိုကျတာ အပါအဝင် အဆောက်အအုံတချို့ပါ ပျက်စီးခဲ့ပါတယ်။ ဖူကျိုးနဲ့ ချန်ကျိုးမြို့တွေမှာ စက်တင်ဘာ ၃ ရက်နေ့ ကတည်းက ကျောင်းတွေကို ယာယီပိတ်ထားစေပြီး ရထားနဲ့ ကူးတို့ရေယာဉ် ပြေးဆွဲမှုတွေကိုပါ ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ပြီးတော့ ဒေသတွင်းက လေကြောင်းခရီးစဉ် ၁၈၀ ဝန်းကျင်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဆော်ဒဲလ်မုန်တိုင်းဟာ ဩဂုတ် ၂၅ ရက်နေ့လောက်မှာ လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၀၀ လောက်ထိ ပြင်းထန်ခဲ့ပြီး ဂျပန်တောင်ပိုင်းက အိုကီနာဝါနဲ့ အာမာမီ ဒေသတွေကို ဖြတ်သန်းခဲ့ပါတယ်။ နောက်တော့ ထိုင်ဝမ်ကျွန်း မြောက်ပိုင်းကနေ ကျော်ဖြတ်လာပြီး စက်တင်ဘာ ၃ ရက်မှာတော့ တရုတ် အရှေ့တောင်ဖက် ကမ်းရိုးတန်းဖြစ်တဲ့ ဒေါင်ရှန်းမြို့နားကနေ ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။

Public Service Announcement
မုန်တိုင်း ကုန်းတွင်းဝင်ချိန်မှာရော၊ လက်ရှိ ကုန်းတွင်းပိုင်းကို ဆက်လက် ရွေ့လျားနေတဲ့ ကာလမှာပါ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်လာတာပါ။ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့ အချိန်မှာတော့ သိသိသာသာ အားပျော့သွားပြီလို့ သိရပါတယ်။
ဖူကျန်းဒေသမှာတော့ မုန်တိုင်းချဉ်းကပ်လာချိန် ကတည်းက အန္တရာယ် အရှိဆုံး အပိုင်းတွေမှာ နေထိုင်သူ ၈၃၇၀၀ လောက်ကို ကြိုတင်ရွှေ့ပြောင်းပေးထားနိုင်ခဲ့တာကြောင့် အသေအပျောက်သတင်း မကြားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်တောင်ပိုင်းကို မုန်တိုင်း ဖြတ်သန်းချိန်မှာတော့ လူ ၂ ဦး အနည်းအကျဉ်း ဒဏ်ရာရခဲ့ပါတယ်။
ဆော်ဒဲလ်ဟာ အခုနှစ်မှာ တရုတ် နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ ၇ ခုမြောက် တိုင်ဖွန်းဖြစ်လာပါတယ်။ အခုနှစ်မှာ မုန်တိုင်းတွေ ခပ်စိပ်စိပ် ဖြစ်နေတာက ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းက အယ်လ်နီညို အပူလှိုင်း သက်ရောက်မှုတွေကြောင့်လို့ ယူဆရကြောင်း မိုးလေဝသ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ အဲဒီ အပူလှိုင်းရဲ့ အကျိုးဆက်ကြောင့် တိုင်ဖွန်းမုန်တိုင်းတွေကို တရုတ်ကမ်းရိုးတန်းဖက် ဦးတည်အောင် တွန်းလွှတ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
အယ်လ်နီညို အခြေအနေဟာ ၂၀၂၇ ထဲမှာ အပြင်းထန်ဆုံး အဆင့်ထိ ရောက်နေနိုင်ပြီး အဲဒီအခါ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ပိုပြီး အချိန်ကြာကြာ သက်ရောက် ခံစားလာရနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ကိုးကား: Reuters

















































