ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)ရဲ့ ဌာနချုပ်နေရာကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ကိယက်ဗ်မြို့တော်မှာ ရှိနေတဲ့ ဌာနချုပ်ကို တိုက်ခိုက်ရာမှာ ရုရှားဟာ SBU အကြီးအကဲရဲ့ ရုံးခန်းနေရာကို တိုက်ရိုက် ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့၊ ပြီးတော့ သင့်တော်တဲ့ အခြေအနေမျိုးနဲ့ တုံ့ပြန်ဖို့ SBUကို သူက ညွှန်ကြားထားကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဂါကတော့ ရုရှားဟာ လက်ရှိ စစ်ရေး ပဋိပက္ခကို ပိုပြီး အခြေအနေဆိုးအောင် တမင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားနဲ့ ယူကရိန်းတို့ဟာ တာဝေးတိုက်ခိုက်မှုတွေကို အပြိုင်အဆိုင် အရှိန်မြှင့် လုပ်ဆောင်လာကြပါတယ်။
ကံဆိုးစွာနဲ့ပဲ ကိယက်ဗ်မြို့လယ်၊ စိန့်ဆိုဖီယာ ဘုရားကျောင်းကြီးရဲ့ မျက်နှာချင်းဆိုင်က SBU ရုံးချုပ် အဆောက်အအုံဟာ ဒရုန်းတစ်စီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း၊ အဆောက်အအုံမှာရှိတဲ့ SBU အကြီးအကဲရဲ့ ရုံးခန်းနေရာကို ဒရုန်းက တိတိကျကျ ချိန်ရွယ်ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement
SBUဟာ ရုရှားကို တန်ပြန်ထိုးနှက်တဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေး မစ်ရှင်တွေမှာ အဓိက ဦးဆောင်နေတဲ့ အေဂျင်စီတစ်ခုပါ။ ဒါပေမဲ့ စစ်ပွဲကာလတလျှောက် SBU ဌာနချုပ်ကို ရုရှားက အတိအလင်း တိုက်ခိုက်တာမျိုးဆိုတာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။
အမည်မဖော်လိုသူ SBU အရာရှိ တစ်ယောက်ကတော့ ဌာနရဲ့ ယာယီ အကြီးအကဲဖြစ်သူ အိုလက်ဇန္ဒာ ပေါ့ခ်လက်ဒ်ဟာ တိုက်ခိုက်မှု ဖြစ်ပွားချိန်တုန်းက ဌာနချုပ်မှာ ရှိမနေခဲ့ဘူးလို့ ပြောပါတယ်။
ရုရှားဖက်ကတော့ SBU ဌာနချုပ်ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းရဲ့ စွပ်စွဲချက်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ယူကရိန်းရဲ့ ပရက်ဗ်ဒါ သတင်းဌာနက ဖော်ပြတဲ့ ဓာတ်ပုံမှာတော့ အဖြူရောင် အဆောက်အအုံကြီးရဲ့ အပေါ်ထပ် မျက်နှာစာ ပြတင်းပေါက်တွေကနေ မီးတွေနဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ရပါတယ်။
အနီးတဝိုက်မှာတော့ မီးသတ်ကားနဲ့ ရဲကားတွေ ရှိနေခဲ့ပြီး ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ရုရှား တိုက်ခိုက်မှုမှာ လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပြောကြားသွားပါတယ်။ ဒါပေမဲ့ SBU ဝန်ထမ်းတွေ ပါသလား၊ အရေအတွက် ဘယ်လောက်များပြားသလဲ ဆိုတာတွေကိုတော့ သူက အတိအကျ မှတ်ချက် မပေးခဲ့ပါဘူး။
SBUကတော့ ပေါ့ခ်လက်ဒ်က ဘေးအန္တရာယ် ကင်းရှင်းကြောင်း အတည်ပြု ထုတ်ပြန်ပြီး ပျက်စီးသွားတဲ့ အဆောက်အအုံကို အမြန်ဆုံး ပြန်လည် ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အမေရိကန် အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ အခုရက်ပိုင်းအတွင်း ကိယက်ဗ်ရော၊ မော်စကိုမြို့ကိုပါ သွားရောက်ပြီး ငြိမ်းချမ်းရေး ညှိနှိုင်းဖို့ ကြားဝင်စေ့စပ် ဆွေးနွေးပေးသွားဖို့ ရှိနေကြောင်း သိရပါတယ်။
ကိုးကား: AFP

















































