Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လမ်းဘေးစျေးသည်ကို ရုရှားဒရုန်းက အမဲလိုက်သလို လိုက်လံတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ယူကရိန်း သမ္မတ ရှုတ်ချ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ခပ်ဝဝ လမ်းဘေးစျေးသည် အမျိုးသားဟာ ယူကရိန်းရဲ့ ခါဆွန်ဒေသမှာ စျေးရောင်းနေချိန် ရုရှားဒရုန်းက သူ့ကို အမျိုးမျိုး လှည့်ပတ်လိုက်ပြီး ဝင်တိုက်ခဲ့လို့ ပေါက်ကွဲသွားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီ အမျိုးသားဟာ ဒရုန်းအစအနတွေ ထိမှန်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ အရမ်း စိတ်တုန်လှုပ် ကြောက်ရွံ့မှုမျိုး ခံစားနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ယူရီလို့သာ နာမည်ဖော်ပြထားတဲ့ အသက် ၅၂ နှစ်အရွယ် စျေးသည် အမျိုးသားဟာ သူ့ရဲ့ အထက်မှာ ဒရုန်းက ဝဲပျံပြီး တောက်လျှောက် လိုက်ပါနေချိန်မှာ အမျိုးမျိုး လှည့်ပတ်ပြေးခဲ့ပေမယ့် မအောင်မြင်တာကြောင့် ဗင်ကားတစ်ဖက်ခြမ်းမှာ အကာအကွယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဒရုန်းက တည့်တည့်ကြီး ဝင်တိုက်ပြီး ပေါက်ကွဲသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

လူသားတွေကို အပျော်တမ်း အမဲလိုက်တဲ့ ဖြစ်စဉ်ကို တစ်ကမ္ဘာလုံး မြင်သွားဖို့ လိုကြောင်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။ ဒါဟာ ရုရှားစစ်သားတွေက ဘယ်လောက်တောင် စိတ်ရူးပေါက်နေသလဲ၊ အရပ်သားတွေအပေါ် ညှင်းပန်းသတ်ဖြတ်ရတာကို ဘယ်လောက် သဘောကျနေသလဲဆိုတာ မြင်သာစေတဲ့ အကောင်းဆုံး သက်သေတစ်ခုလို့လည်း သူက ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာကလည်း အဲဒီဗီဒီယိုထဲက မြင်ကွင်းဟာ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှု တစ်ခုဆိုတာ မီးမောင်းထိုးပြနေကြောင်း ဝေဖန်ခဲ့ပါတယ်။ လူတွေကို အမဲလိုက်တာဟာ ရုရှားရဲ့ စနစ်တကျ လုပ်ဆောင်နေတဲ့ မဟာဗျူဟာ တစ်ခုဖြစ်ကြောင်း၊ ဒရုန်းကို မောင်းနှင်တဲ့သူက သူ့ရဲ့ပစ်မှတ်ဟာ အရပ်သားဆိုတာ ကျိန်းသေ သိရှိထားကြောင်း ဆိုင်ဘီဟာက ဆိုပါတယ်။

ယူရီက သူနဲ့ ဇနီးဖြစ်သူတို့ဟာ ဟင်းသီးဟင်းရွက်ဗန်းတွေကို ဗင်ကားနားမှာ ခင်းကျင်းနေတဲ့အချိန် ဒရုန်းဆီက ဆူညံတဲ့ အသံကို စပြီး ကြားခဲ့ရကြောင်း ပြောပါတယ်။ သူ့ဇနီးက ကြောက်လန့်တကြား ထွက်ပြေးသွားချိန်မှာ ဒရုန်းက သူ့ဆီကို တည့်တည့်ကြီး ဦးတည်လာခဲ့ကြောင်း ယူရီက ဆိုပါတယ်။ သူက လက်ထဲမှာ ကိုင်ထားတဲ့ ကြက်သွန်ဖြူဥ တချို့ကို ဒရုန်းကင်မရာဖက် ပြသပြီး ရန်လိုတဲ့ သဘောမရှိကြောင်း ဆက်သွယ် အသိပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဝရုန်းသုန်းကား အခြေအနေမှာ ခရမ်းချဉ်းသီးတွေ၊ သခွားသီးတွေ၊ ခရမ်းသီးတွေပါ ပြန့်ကြဲကုန်ကြောင်း၊ သူက ကွေ့ပတ်ပြေးဖို့ ကြိုးစားချိန်မှာ ဒရုန်းဟာ ထီးအောက်ကနေတောင် လိုက်ဝင်လာသေးကြောင်း ယူရီက ပြောပြခဲ့ပါတယ်။

ရုရှား-ယူကရိန်း ရှေ့တန်းစစ်မြေပြင်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ခါဆွန်မှာတော့ အရင်ကလည်း အရပ်သားတွေကို ရုရှားစစ်တပ်က အမဲလိုက်တဲ့ ပုံစံမျိုး ရန်ပြု တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးကြောင်း ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

၂၀၂၅ ခုနှစ်တုန်းက ကုလသမဂ္ဂ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာလည်း ခါဆွန်မှာ ရုရှားစစ်သားတွေက ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားတွေကို သတ်ဖြတ်မှုတွေ အဖန်တလဲလဲ ကျူးလွန်နေတာကို တွေ့ရှိထားကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။