ခါဂါဘို ရေးသားသည်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။
ကုလသမဂ္ဂကလည်းအယ်လ်နီညိုဖြစ်စဉ်ဟာ “ကျွန်တော်တို့ မျက်စိရှေ့မှာတင်အဆမတန် ကြီးမားလာနေပါတယ်”ဟုပြောကြားပြီးနောက်ဗြိတိန်အစိုးရကလျှပ်စစ်မီးသို့မဟုတ် ရေပြတ်တောက်မှုတွေ ကြုံလာရရင်ရက်အနည်းငယ်ကြာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ဖို့ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့သောက်သုံးရေကိုကြိုတင်စုဆောင်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မိုးလေဝသ ခန့်မှန်းသူတွေကတော့ နှစ်ပေါင်း ၁,၀၀၀ အတွင်း အကြီးမားဆုံး အယ်လ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ ဗြိတိန်ပတ်ဝန်းကျင်ရေးရာဝန်ကြီးအန်ဂျလာ အီဂဲလ် (Angela Eagle)ကThe Guardian ကို ပြောရာမှာ “ကျွန်မတို့ဟာ စံချိန်တင် အကြီးမားဆုံး ဖြစ်လာနိုင်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်ရတော့မှာပါ။ဒါဟာနွေရာသီမှာ ပိုမိုခြောက်သွေ့ပြီး ဆောင်းရာသီမှာ မိုးပိုရွာကာ မုန်တိုင်း ပိုမိုပြင်းထန်တာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

Public Service Announcement
သူမက ဆက်ပြီး “အာရှဒေသတွေမှာတော့ ရေကြီးမှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုဆိုးကျိုးတွေ ပိုများနိုင်ပြီး ဒီအခြေအနေကို အလေးထားကြဖို့ လိုပါတယ်” လို့လည်း သတိပေးပါတယ်။
သဘာဝဘေး ရင်ဆိုင်ရချိန် “အရေးပေါ် ကူညီရေးအဖွဲ့တွေ ရောက်မလာသေးခင်စားသောက်ဖို့၊အစားအသောက်အနည်းငယ် စုဆောင်းထားမယ်ဆိုရင် ဘာမှပြင်ဆင်မထားတာထက်စာရင် အများကြီး အဆင်ပြေမှာပါ။ ဒါကြောင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဒီလိုမျိုးကြိုတင်ပြင်ဆင်တာတွေလုပ်သင့်တာ ဖြစ်ပါတယ်”လို့လည်းသူမကဆိုပါတယ်။
အယ်လ်နီညို (El Niño)ဆိုတာပစိဖိတ်သမုဒ္ဒရာပေါ်က လေထုလည်ပတ်မှု ပြောင်းလဲရာကနေပင်လယ်ရေပြင်မှာ စုဆောင်းထားတဲ့ အပူဓာတ်တွေကို လေထုထဲ ပြန်လည်ဖြန့်ဝေစေတဲ့ သဘာဝ ရာသီဥတုဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။
နောက်ဆုံး အချက်အလက်တွေအရအယ်လ်နီညို ရဲ့ အဓိကနေရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရေဟာ နှစ် ၃၀ ပျမ်းမျှထက် ၂.၆ ဒီဂရီဆဲလ်စီးယပ် (2.6°C) ပိုပူနေပါတယ်။
ဒါဟာ ဂြိုဟ်တုမှတ်တမ်းတင်ခေတ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၏ ၃.၁ ဒီဂရီ ဆဲလ်စီးယပ် (3.1°C) အဆင့်ကို ရောက်ရှိဖို့ အလွန်နီးကပ်နေပြီ ဖြစ်ပါတယ်။
စံနမူနာ ၁၄ ခုရဲ့ ပျမ်းမျှခန့်မှန်းချက်အရ လာမယ့် နိုဝင်ဘာလမှာ အပူချိန်ဟာ ၄ ဒီဂရီစင်တီဂရိတ် (4°C)အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇီးခ်ဟောက်စ်ဖက်သာ က သန္တာကျောက်တန်းတွေ၊ သစ်ပင်စည်အတွင်း နှစ်စဉ်ဖြစ်ပေါ်လာသော အကွင်းမှတ်များ (Tree Rings) နဲ့ သမိုင်းမှတ်တမ်းတွေကို လေ့လာပြီး အချက်အလက်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း ဘယ်အယ်လ်
နီညိုဖြစ်စဉ်မှဒီအဆင့်အထိမရောက်ဖူးကြောင်း တွေ့ရှိထားပါတယ်။ ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် ၀.၅ ဒီဂရီစင်တီဂရိတ် (0.5°C) ကျော်လွန်လာတာနဲ့ အယ်လ်နီညိုဖြစ်စဉ်အဖြစ်သတ်မှတ်ကြပါတယ်။
ဒီအယ်လ်နီညိုကြောင့် ပိုမြင့်တက်လာမယ့် အပူစွမ်းအင်ဟာလက်ရှိမှာတောင် ပူနွေးနေတဲ့ ကမ္ဘာ့လေထုထဲကို ထပ်မံဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ်ဟာ ယခင်စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး ကမ္ဘာ့အပူဆုံးနှစ် (Hottest Year on Record) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဂူတာရက်စ်က ကမ္ဘာကြီးဟာလွန်ကဲတဲ့ ရာသီဥတုအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်ပြီး မြင့်တက်လာတဲ့ အန္တရာယ်တွေနဲ့ ရာသီဥတုကာကွယ်ရေး လုပ်ဆောင်ချက်များကြား အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO)ရဲ့ အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလို (Celeste Saulo) ကလည်း “အယ်လ်နီညိုဟာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကြီးအကျယ် ရိုက်ခတ်နိုင်ခြေ ရှိပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှု တွေကို မြင်တွေ့နေရပြီဖြစ်ပြီး အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အယ်လ်နီညို ရဲ့ သက်ရောက်မှုတွေကြောင့် အင်ဒိုနီးရှားမှာတောမီး ပိုဆိုးလာနိုင်ပြီး၊ အိန္ဒိယ မှာ အရေးကြီးတဲ့ မုတ်သုံမိုး အားနည်းလာနိုင်ပါတယ်။ဩစတြေးလျမှာ တောမီးလောင်မှုအန္တရာယ်လည်း ပိုတက်လာနိုင်ပြီး၊ တောင်အမေရိက မှာ ရေကြီးမှု ပိုပြင်းထန်လာနိုင်ပါတယ်လို့ ထောက်ပြထားပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒီအယ်လ်နီညိုဖြစ်စဥ်ကြောင့် လူဦးရေ သန်း ၅၀ ခန့်ဟာ ပြင်းထန်တဲ့ အစာရေစာမလုံလောက်မှု ကြုံရနိုင်တယ်လို့ယင်းအခြေအနေရဲ့ အန္တရာယ်ကို သတိပေး ထားပါတယ်။
ရာသီဥတုပြောင်းလဲမှု (Climate Change) ဟာလည်း ဒီအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ကျောက်မီးသွေး၊ရေနံ၊သဘာဝဓာတ်ငွေ့စတဲ့ရုပ်ကြွင်းလောင်စာတွေကြောင့်ကမ္ဘာကြီး ပိုပူနွေးလာနေပြီးအပူလှိုင်း၊ရေကြီးမှုနဲ့ အခြားပြင်းထန်တဲ့ ရာသီဥတုတွေကို ပိုမိုများလာစေပါတယ်။
ယခုနွေရာသီမှာ ဥရောပကို စံချိန်တင် အပူလှိုင်း ရိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၅,၀၀၀ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရကတော့ ပြင်းထန်လာတဲ့ ရာသီဥတုကို ရင်ဆိုင်နိုင်ဖို့ အရေးပေါ်အစားအစာ သိုလှောင်ထားခြင်း၊ရေလုံလောက်အောင်ပြင်ဆင်ခြင်း၊ရာသီဥတုနဲ့ ကိုက်ညီမယ့် စိုက်ပျိုးရေးနည်းလမ်း ပြောင်းလဲခြင်း၊ ရေလှောင်ကန်အသစ်များတည်ဆောက်ခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒါဟာ ဗြိတိန်ကို နောင်လာမယ့် နှစ်တွေမှာ ကြုံတွေ့ရမယ့် လွန်ကဲတဲ့ ရာသီဥတုတွေအတွက်ပိုမိုပြင်ဆင်ပြီးသားဖြစ်စေမယ်လို့ ထောက်ပြခဲ့သည်။
အန်ဂျလာ အီဂဲလ်ကတော့ “အရင်က ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေကို ရင်ဆိုင်ဖို့ လုံလောက်အောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အခုတော့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ကိုက်ညီအောင် စိုက်ပျိုးရေးနည်းလမ်းတွေနဲ့ ရေစီမံခန့်ခွဲမှုစနစ်တွေကို ပြန်လည်ပြင်ဆင် ပြောင်းလဲရပါမယ်” လို့ ရှင်းလင်းပြောဆိုခဲ့သည်။
အနှစ်ချုပ်ရရင် ဒီတစ်ကြိမ် အယ်လ်နီညို ဖြစ်စဉ်ဟာ သာမန်ရာသီဥတု သံသရာတစ်ခုထက်ကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပေါ်ပေါက်လာနေပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုပြင်းထန်လာတဲ့ ရာသီဥတုအန္တရာယ်တွေဟာ အနာဂတ်မှာသာ ရင်ဆိုင်ရမယ့် ပြဿနာမဟုတ်တော့ဘဲ ယနေ့ကတည်းကနိုင်ငံများနဲ့လူသားအားလုံး ပူးပေါင်းတုံ့ပြန်ဖြေရှင်းရမယ့်အရေးပေါ်ကိစ္စတစ်ရပ် ဖြစ်လာပြီဆိုတာကို ဒီဖြစ်စဉ်က ထင်ရှားစွာ ဖော်ပြနေပါတယ်။ ။
ကိုးကား-The Guardian

















































