အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။
ဒီကနေ့ နေ့လည် ပိုင်းမှာ မင်းတပ်မြို့ကို စစ်တပ်က ပေါက်ကွဲအားပြင်းဗုံး ၂လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ့နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာလို့ လေကြောင်းရန် အထူးဂရုစိုက်ဖို့လည်း ဒေသခံက သတိပေးထားပါတယ်။

Public Service Announcement
မင်းတပ်နဲ့ ကျောက်ထုမြို့အကြားမှာတော့ အခုရက်ပိုင်း တိုက်ပွဲအချို့ရှိပေမဲ့ စစ်တပ်က တိုက်ပွဲမရှိတဲ့ မြို့ပေါ်နေရာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေတာလို့ မင်းတပ်ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၂၄ရက်ကလည်း စစ်တပ်ဟာ မင်းတပ်မြို့ပေါ်ကို တိုက်လေယာဥ် ၂စီးနဲ့ ဗုံး ၈လုံးကြဲချခဲ့ရာ လူသေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မနေ့က လေကြောင်း တိုက်ခိုက်မှုအတွင်း ဘာသာရေးအဆောက်အအုံ အပါအဝင် ပြည်သူ့နေအိမ်တွေ ၁၀ လုံးကျော်ပျက်စီးခဲ့ရကြောင်းလည်း ဒေသခံက အသိပေးပါတယ်။
မင်းတပ်ဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်မှု၊ ထိခိုက်သေဆုံးမှုနဲ့ ဒေသတွင်း စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းဒေသကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ CPU/CPAထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ် ဒိုင်ရ်ဒေသကို အောက်တိုဘာ ၁၈ရက်နဲ့ ၁၉ရက်က လေကြောင်းကနေဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၉ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း CPUက ထုတ်ပြန်ထားပါတယ်။ စစ်တပ်ဟာ တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲပြီး ပြည်သူအပေါ် သူရဲဘောကြောင်စွာ နေ့ည အချိန်မရွေးလေကြောင်းဗုံးကြဲတိုက်ခိုက်နေတာလို့ CPU/CPAက ထုတ်ပြန်ထားပါတယ်။



















































