“(စစ်တွေ၊ကျောက်ဖြူတိုက်ပွဲတွေမှာ)စစ်တပ်ဘက်ကသေတာနှစ်ရာကျော်၊သုံးရာနီးပါးလောက်ရှိတော့မယ်။ထိုးစစ်အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာသိသာနေတယ်လေ”
— ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦး
စက်တင်ဘာ-၁၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီးနှစ်ရက်တာတိုက်ပွဲအတွင်းစစ်သားအလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ် လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုထိုးစစ်ဆင်ရာအထိနာပြီး ပြန်ဆုတ်ခဲ့ရတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထပ်မံအင်အားဖြည့်ကာ ထပ်မံထိုးစစ်ဆင်လာခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
“မနေ့က နေ့ခင်းကလောက်ကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်ကြတာ။ဒီနေ့(စက်တင်ဘာ ၁၂)လည်းတနေကုန်ဖြစ်တယ်။အလောင်းသုံးဆယ်ကျော်လောက်ရလိုက်တယ်။ကိုယ့်ဘက်ကလည်းအထိအခိုက်နည်းနည်းတော့ရှိတယ်”လို့ AAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
ပထမအကြိမ်မှာပုဏ္ဏားကျွန်းမြို့နယ်ဆားပို့တောင်ရွာအနီးအထိနာပြီးထိုးစစ်တန့်နေခဲ့တဲ့ စစ်တပ်ဟာ အင်အားထပ်ဖြည့်ပြီး ပုဏ္ဏားကျွန်မြို့နယ်ခမောင်းတောရွာဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ စစ်တွေမြို့နယ် ဝါဘိုကျွန်း၊မင်းလှရွာဘက်ကိုတစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားငါးရာဝန်းကျင်နဲ့ ထပ်မံထိုးစစ်ဆင်လာခဲ့တာလို့ စုံစမ်းသိရပါတယ်။
အဲဒီစစ်ကြောင်းနှစ်ခုထဲက ခမောင်းတောရွာဘက်သို့ ရောက်လာတဲ့စစ်ကြောင်းဟာ အထိနာပြီး ဒီနေ့နေ့လယ်ပိုင်း မှာ ရွှေမင်းဂံရေတပ်စခန်း တဖက်ကမ်းရှိ ရဲရိုးပြင်ရွာဘက်သို့ တပ်ဆုတ်ပြေးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် က ပြောပါတယ်။
“ခမောင်းတောဘက်ကကောင်တွေပိုထိတယ်။မနေ့ကတရက်တည်းမှာအလောင်းနှစ်ဆယ်လောက်ရတယ်။ဒီနေ့တဆယ်ကျော်၊ အားလုံးပေါင်းဆိုရင်တော့( စက်တင်ဘာ ၄ နောက်ပိုင်း) ၂၀၀ နီးပါးလောက်ရှိပြီပေါ့ဒီဘက်တိုက်ပွဲမှာ။တပ်တော်ကလည်းဒီရက်ပိုင်း ထုတ်ပြန်မယ်ထင်တယ် အဲဒါကို”လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်မှ အထိနာနေတဲ့ စစ်တပ်ဟာ လေကြောင်းပစ်ကူအများအပြားနဲ့ ခုခံနေရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။“ဒီနေ့တနေ့လုံးလေယာဉ်တွေပျံတယ်။လေးစီးလောက်တောင် ရှိမလားမသိဘူး။ ဗုံးလည်းကြဲတယ်။ညကလည်းလေယာဉ်ပျံတယ်။ လက်နက်ကြီးတော့သိပ်မပစ်ဘူး”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်သုံးခုရဲ့ အလယ်မှာ ဝန်းရံပိတ်ဆို့ခံထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ဂဏန်းနဲ့ ပြီး ခဲ့တဲ့စက်တင်ဘာလ ၄ ရက်ကစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲစတဲ့နေ့မှာပဲ အမြင့်ကျွန်းဘက်က ထိုးစစ် ဆင်တဲ့စစ်ကြောင်းဟာ အထိနာပြီး ပြန်ဆုတ်ခဲ့ရပါတယ်။
ရွှေမင်းဂံရေတပ်စခန်းဘက်က ထိုးစစ်ဆင်တဲ့ စစ်ကြောင်းကလည်းရက်ပိုင်းအတွင်းအထိနာပြီး ရှေ့မတိုးနိုင်ဘဲဆားပို့တောင်ရွာဝန်းကျင်မှာ ရပ်တန့်နေခဲ့ကာ အခုအခါ နောက်တကြိမ် အင်အားဖြည့်ထိုးစစ်ဆင်လာခဲ့တာပါ။
တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာ အတင်းအဓမ္မဖမ်းဆီးထားတဲ့ စစ်တွေဒေသခံရို ဟင်ဂျာတွေကိုပါရှေ့တန်းစစ် မျက်နှာတွေမှာ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေကပြောထားကြပါတယ်။
ဒါ့အပြင်စစ်တွေမြို့နယ်အပြင်ကျောက်ဖြူမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလည်း စစ်တပ်အထိနာနေပြီး စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်အတွင်း စစ်သားအလောင်း နှစ်ဆယ်ဝန်းကျင် ရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်တွင်းနဲ့ ရခိုင်အစပ်နေရာ တွေကို ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး ထိုးစစ်ဆင်နေပေမယ့် လက်တွေ့မှာတော့ တပတ်နီးကျော်ကြာတဲ့ထိ AA စခန်းတစ်ခုမျှသိမ်းနိုင်တာမရှိဘဲ စစ်စခန်းတွေ ထပ်မပါသွားဖို့ခံစစ်ပြန်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောထားကြပါတယ်။
“AA ဘက်ကကြားရသလောက် သတင်းတွေအရဆိုရင်သူတို့ပြောတဲ့ ၄၉၂၆ စစ်ဆင်ရေးကာလအတွင်းမှာတင် စစ်တပ်ဘက်ကသေတာနှစ်ရာကျော်၊သုံးရာနီးပါးလောက် ရှိတော့မယ်။ထိုးစစ်အောင်မြင်လား၊မအောင်မြင်ဘူး လားဆိုတာ သိသာနေတယ်လေ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ စပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA နယ်မြေတွေ နဲ့ ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့ မကွေးတိုင်း ၊ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိ AA ထိန်းချုပ်ဒေသ တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်လုပ်နေခဲ့တာပါ။
ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း၊မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်တို့အတွင်းတိုက်ပွဲ တွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AAကဖြတ်တိုက်တာကြောင့်တိုက်ပွဲပြင်းနေကာစစ်တပ်ဘက်က အထိနာနေတယ်လို့သိရပါတယ်။
အာရက္ခတပ်တော်က ၂၀၂၃ နိုဝင်ဘာလကစပြီး ၂၀၂၄ ဒီဇင်ဘာလအထိ ၁၃ လအတွင်းမှာရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ။ဒါကြောင့် ရခိုင်ပြည်နယ်မှာ AA ထပ်မံသိမ်းပိုက်ဖို့ စစ်တွေ ၊ကျောက်ဖြူ ၊ပုဏ္ဏားကျွန်းမြို့နယ် တို့ပဲကကျန်ပါတော့တယ်။ စစ်တပ်က ၂၀၂၅ နှစ်ဆန်းကတည်းက AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုတန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။


















































