စက်တင်ဘာ-၁၅၊၂၀၂၆။ဖိုးသား/People’s Spring
ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၆ဦးထက်မနည်းဟာ လောင်းရှည်-တောင်ဘို့ကြီးရွာကြားမှာ ထွက်ပြေးခဲ့တာလို့ဆိုပါတယ်။
“ထွက်ပြေးတဲ့သူများတယ်။တော်လှန်ရေးဘက်ကတော့ ထုတ်ပြန်ဦးမယ်မထင်ဘူး။ မနေ့က လမ်း ကြောင်း၀င်ရှင်းတော့ တပ်မ(၉၉) ဘတ်တံဆိပ်နဲ့ အ၀တ်အထည်တွေ တွေ့ရတာကြောင့် ယူနီဖောင်ပါချွတ်ပြီး ထွက်ပြေးကြတယ်လို့ ပြောလို့ရတယ်”လို့ ဆောမြို့နယ် တေယ်လှန်ရေးတပ်တွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိစစ်တပ်စစ်ကြောင်းက လောင်းရှည် နဲ့ ဆောမြို့လမ်းပိုင်းပေါ်က သီးကုန်းကျေးရွာကနေ ဆောမြို့ကို တချို့၀င်ရောက်နေပြီလို့ သူက အသိပေးပါတယ်။
အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်းစက်တင်ဘာ ၁၂ ရက်က ဆောမြို့ကို ဦးတည်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူပို့လိမ့်မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
“ဆောမြို့နယ်ထဲက ဆောမြို့မှာရော၊ကျောက်ထုမြို့မှာ ပါ မြေပြင် အင်အားရော လေကြောင်းကနေ ပါရိက္ခာခဲယမ်းတောက်လျှောက်ဖြည့်နေတာရှိတယ်။ချင်းတောင် ကို ထပ်တိုးမယ့် အနေအထားတွေပါ”လို့ သူက ပြောပါတယ်။
စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
မေလကစပြီး ကပစ (၂၅) မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်လပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။
လက်တလော ဆောမြို့ကို အင်အားဖြည့်နေတဲ့ စစ်ကြောင်းဟာ လည်း ဆိပ်ဖြူ ကပစ(၂၂)ကတဆင့် လောင်းရှည်မြို့ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ကို စက်တင်ဘာ ၇ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင် ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

















































