စက်တင်ဘာ-၁၅၊၁၀၂၆။ဇော်ရမ်း/People’s Spring
ဗေဒင်ဟောပြီးနှစ်လုံးထီဂဏန်းတွေရောင်းပေးနေတဲ့ဗိုလ်မှူးတစ်ဦးဟာပဲခူးတိုင်း၊ ပန်းတောင်းမြို့က ကပစ(၁၆)အနီး တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ သေဆုံးသွားတယ်လို့ စစ်တပ်သတင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်အသိုင်းဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့လူသိများတဲ့ ဗိုလ်မှူးဝေကမ္ဘာစိုးဟာစက်တင်ဘာလ၁၅ရက်မနက်ပိုင်းမှာ စနိုက်ဘာထိပြီးသေဆုံးတာလို့ ၎င်းနဲ့အဆက်အသွယ်ရှိတဲ့ ဗေဒင်ဆရာမတစ်ဦးကပြောပါတယ်။
“ကျမတို့လည်း ကြားကြားချင်းမယုံဘူး။ အလောင်းမြင်ရမှ ယုံတာ။ စနိုက်ဘာထိတယ်လို့ ကြားတာပဲ”လို့အထက်ပါဗေဒင်ဆရာမကပြောပါတယ်။

Public Service Announcement
ဗိုလ်မှူးဝေကမ္ဘာစိုးဟာအသက်၃၆ နှစ်အရွယ်ရှ်ိပြီးဝေကမ္ဘာစိုးအမည်နဲ့ ဖေ့ဘွတ်အကောင့် နှစ်ခုထက်မနည်းအသုံးပြုနေပါတယ်။
မသေဆုံးခင်ရက်အနည်းငယ်မှာလည်းဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ နှစ်လုံးထီဂဏန်းတွေ ရေးတင်ထားတာကိုတွေ့ရပါတယ်။ ဒါအပြင်တယ်လီဂရန်ဂရုဖွဲ့ထားပြီး တစ်ဦးကို တစ်ပတ် ၁၅,၀၀၀ ကျပ်ယူပြီး ဗေဒင်ဟောတာတွေ၊ နှစ်လုံးထီဂဏန်းပေးတာတွေလုပ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။
မသေဆုံးခင်ရက်နည်းငယ်
“ခုမနက်ညီ အကို။တစ်ဘရိတ် ခွန်ဘရိတ် လာနိုင်။အဲတော့သုံးလေးရှစ်ကိုး။သုံညတစ် ငါးခြောက်” လို့ ၎င်းကလူမှုကွန်ရက်မှာ ဂဏန်းတွေရေးသားထားတာကိုတွေ့ရပါတယ်။
ဗိုလ်မှူးဝေကမ္ဘာစိုးရဲ့ နာရေးကိုထောက်ပံ့ဖို့အတွက် စစ်တပ်အသိုင်းအဝိုင်းကြားမှာ ငွေကြေးအလှူခံနေတာကိုလည်းတွေ့ရပါတယ်။
ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ် ကောင်စီက စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊၃၆၉တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။
ထိုးစစ်စတင်တဲ့ဇန်နဝါရီလထဲမှာပဲကပစ(၁၆)ရဲ့ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ကာကင်းစခန်း အချို့ကိုသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်းဖမ်းမိခဲ့ပါတယ်။ကပစ(၁၆)ကိုဦးတည်တဲ့တိုက်ပွဲတွေဟာအခုရက်ပိုင်းမှာ ပိုပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

















































