ဧပြီ-၁၂၊၂၀၂၅။နေ့သစ်/People’s Spring
ဗေဒင်၊ယတြာယုံကြည်အားကိုးတဲ့ အာဏာသိမ်းခေါင်းဆောင်မိသားစုဟာ စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်မှာအကြီးအကျယ်ပျက်စီးသွားပြီး ၁၅ ရက်အကြာမှာ မိသားစုလိုက် တောင်ကြီးမြို့က ရွှေဘုန်းပွင့်စေတီတော်ကို ထီးတင်ခဲ့ပြန်ပါတယ် ။
အာဏာသိမ်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်နဲ့ အထက်ပစ္စယံကိုတက်ရောက်ပြီး ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်ကိုဖူးမြော်သလို စိန်ဖူးတော်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးခဲ့ပါတယ်။ဒါကြောင့်ရွှေတိဂုံစေတီတော်ပေါ်တက်ပြီး နှစ်လအတွင်းမှာ ရွှေဘုန်းပွင့်စေတီတော်ကိုထီးတော်တင်ပြန်တာလည်းဖြစ်ပါတယ်။ဒါဟာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်မှာကြီးမားတဲ့အပျက်အစီးတွေကြုံရလို့ အတိတ် နမိတ်မကောင်းဖူးဆိုပြီး ယတြာချေတာဖြစ်တယ်လို့ပြောနေကြပါတယ် ။
“မကောင်းတာလုပ်ရင် တော့ဘယ်လောက်အထိအကြိမ်ရေများများယတြာချေလည်းဘယ်ဘုရားကမှငါ့သားအလိုတော်ပြည့်စေသတည်းလို့ခွင့်ပြုမှာမဟုတ်ပါ။ကျူးလွန်တဲ့အတိုင်းပြန်ခံစားလိမ့်မယ်”လို့ ပြည်သူတဦးက မှတ်ချက်ပြုရေးသားထားပါတယ်။

Public Service Announcement
အခြားပြည်သူတဦးကလည်း “မိသားစု အသက်အန္တရာယ် အတွက်ချေတာ နောက်ကျနေပြီ”လို့ပြောပါတယ် ။ထူးခြားတာက အာဏာသိမ်းခေါင်းဆောင်အပြင် ဇနီး ဒေါ်ကြူကြူလှ ၊ သမီးခင်သီရိသက်မွန် ၊သားဖြစ်သူ အောင်ပြည့်စုံ နဲ့ ဇနီးတို့ပါ မိသားစုအစုံအလင် ထီးတင်ပွဲကိုတက်ခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း မိသားစုအစုံအလင် ပွဲတက်၊မှတ်တမ်းဓါတ်ပုံရိုက်ခံတာဟာ အကြိမ်ရေအနည်းငယ်သာရှိပါတယ်။
အာဏာသိမ်းခေါင်းဆောင်နဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဇနီးလည်းတက်ရောက်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့ကပါအတူထီးတော်တင်ခဲ့တာဖြစ်ပါတယ်။
ရွှေဘုန်းပွင့်စေတီတော်ရဲ့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတင်ပွဲနဲ့ အနေကဇာတင်ပွဲမှာ အာဏာသိမ်းခေါင်းဆောင်မိသားစုက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထားပြီးတော့စိန်ဖူးတော်ကိုပထမမိုင်းသောက်ဆရာတော်ကြီးထံကပ်လှူခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒါအပြင်ရွှေစင် ၆ ကျပ်သားရှိတဲ့ ရွှေပြားသင်္ကန်း ၁ ချပ်ကပ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
“နေပြည်တော်ပျက်ပြီဆိုတော့သွေးပျက်ခြောက်ခြားပြီးယတြာပြေးခြေပြီလေ”လို့ပြည်သူတဦးကပြောပါတယ်။
အခြားပြည်သူတဦးကလည်း “သူနင်းတဲ့နေရာ၊ထိတဲ့နေရာတိုင်းကကျိန်ခြင်းအမင်္ဂလာမြေတွေဖြစ်ကုန်တယ်။ဘာယတြာဘဲလုပ်လုပ် သူ့အကုသိုလ်ကအကျိုးကမပြောင်းလဲဘူး”လို့ဖေစ်ဘွခ်မှာရေးသားထားပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ်လခန့်ကရွှေတဂုံစေတီတော်ပေါ်ကိုတက်ခဲ့တဲ့အပေါ် မှာလည်းပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ် ။
“အဲ့ဒိလို ထီးတော်တင်ပြီးရင် ခွေးကျ နွားကျ ပြုတ်ကြတာပဲလေ။ အစဉ်အဆက်”လို့ပြည်သူတစ်ဦးက အာဏာသိမ်းခေါင်းဆောင် ရွှေတိဂုံစေတီတော်ပေါ်တက်ခဲ့တဲ့အပေါ်ပြောပါတယ်။
အခြားပြည်သူတစ်ဦးကလည်း “ခင်ညွန့်တုန်းကလည်း ရွှေတိဂုံ ပေါ်တတ်ပြီးတာနဲ့ ထောင်တန်းကျတာဘဲ”လို့မှတ်ချက်ရေးသားခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ဟာရွှေတိဂုံစေတီတော်အထက်ပစ္စယံကိုတက်ပြီး စိန်ဖူးတော်ကြံ့ခိုင်ရေးကိုစစ်ခဲ့တာဟာ ၂၀၂၅ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ဖြစ်ပါတယ် ။အာဏာသိမ်းခေါင်းဆောင် ရွှေတီဂုံဘုရားပေါ်တက်ပြီး ၄၂ ရက်အကြာမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး နေပြည်တော်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ သမိုင်းတလျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးစစ်ကိုင်းငလျင်လှုပ်ခဲ့တာဖြစ်ပါတယ်။
ဗေဒင်ယတြာကိုယုံကြည်သလို ၊အယူသီးတဲ့ စစ်ကောင်စီ ဟာ စစ်ကိုင်းမြို့ အနီး မတ် ၂၈ ရက်ကဗဟိုပြုလှုပ်တဲ့ ငလျင်ကို စစ်ကိုင်းငလျင်လို့မခေါ်ဖို့ တရားဝင် ထုတ်ပြန်တားဆီးထားပါတယ် ။ ဒါဟာလည်း အယူသီးတဲ့စစ်အုပ်စုက အတိတ် နမိတ်အရမခေါ်ခိုင်းတာလို့ ပြည်သူတွေကပြောကြပါတယ်။
“နန်း မြို့ရိုး လည်းပြိုပြီ ၊ နေပြည်တော်လည်းပျက်ပြီ ၊စစ် ပင်ကြီးလည်းကိုင်းလို့ ငလျင် ဒဏ်ခံရပြီ အခုမှ ဘာကြောက် နေကြတာလဲ ။နှစ်သောင်းတန်ယတြာ”လို့ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အာဏာသိမ်း ဘုရားထီးတင်လိုက် ၊ရွှေသက်န်းကပ်လိုက်အကြိမ်ကြိမ်လုပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်ကိုပြည်သူတဦးက”ကာချုပ်လုပ်ရမှာမဟုတ် ဗေဒင်ဂိုဏ်းချုပ်လုပ်ရမှာ အရည်ချင်းကအဲ့လောက်ပဲရှိလို့” လို့မှတ်ချက်ပြုပါတယ် ။
