Connect with us

Hi, what are you looking for?

ဆောင်းပါး

ဝေဟင်မှ ကြေးစားလူသတ်သမားများ

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

​နေ့သစ်/People’s Spring

လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့​တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီး အခု​နောက်ပိုင်းထပ်မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။

အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊‌‌မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်းဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။

အခြေခံလစာအပြင်​လေယာဥ်​မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။

အနားယူခွင့်ကလည်း ကြည်းတပ်​၊​ရေတပ်တွေထက်ပိုရသလို ၊ လုံခြုံ​ရေးမစိုးရိမ်ရတဲ့အ​ခြေအ​နေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့က​ပြောပါတယ်။

စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။​လေတပ်မှာ​လေသူရဲ (ခေါ်)လေယာဉ်မောင်း(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။

ဒီအဖွဲ့ တွေဟာကိုယ့်​လေယာဥ်​မောင်းဗုံးကြဲရမယ့်​နေ့တွေမှာ လေယာဉ်​ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေတပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် ​အေလာလေတပ်စခန်းတွေကနေ ‌‌ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။

(စစ်တပ်က ၂၀၂၅ ​​မေ ၁၂ ရက်မှာစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်​ကျောင်းကိုဗုံးကြဲလို့ ​ကျောင်းသား​ကျောင်းသူနဲ့ဆရာမစုစု​ပေါင်း ၂၀ ကျော်​သေဆုံးခဲ့ပြီး​နောက် နာ​ရေးပြုလုပ်​နေစဥ်။ ဓါတ်ပုံ- Getty)

သူတို့ရဲ့ဝင်ငွေဟာ လေယာဉ်ဆီ ရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ‌ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရ​လေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။

ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။

“လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်”လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။

စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတစ်ဝန်းလူမျိုး ၊ဘာသာ ၊​ဒေသ မခွဲခြားဘဲပြည်သူ တွေကိုပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှု တွေကို စစ်တပ်က ဆက်တိုက်လုပ်ခဲ့၊ လုပ်​နေဆဲဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ခုနှစ်က​နေ ၂၀၂၆ ဇွန်လကုန်အထိ ​လေ​ကြောင်းတိုက်ခိုက်မှု​ပေါင်း ၁၂ ၈၉၆ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ​ပေါင်း ၅၈၄၆ ဦး​သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လူ့အခွင့်အ​ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ထားပါတယ် ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)ကလည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအနည်းဆုံး ၉၈၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သေဆုံးသူ​တွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်ပါဝင်မှုဟာ ၅၀ရာခိုင်နှုန်း ကျော်ရှိတယ်လို့ သိရပါတယ်။

ရက်စက်မှုမှာထင်ရှားဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊စက်တင်ဘာလ၁၆ ရက် နေ့ကဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင် ကျောင်း ဗုံးကြဲခံရမှု၊၂၀၂၃ခုနှစ်၊ဧပြီလ၁၁ရက်နေ့ကပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊၂၀၂၆ သြဂုတ်လ၂၁ ရက်မြောင်မြို့နယ်၊ဆွဲလွဲအိုရွာက တရားစခန်းဗုံးကြဲခံရမှု တွေဖြစ်ပါတယ်။

ဒီလိုစစ်ရာဇဝတ်ကျူးလွန်မှုမှာ ပူးပေါင်းပါဝင်သူအများအပြားရှိပါတယ်။လေတပ်အရာရှိကြီး တွေကစလို့ လေတပ်စခန်းရဲ့ စခန်းမှူး၊အုပ်မှူးကနေ ပိုင်းလော့(​လေသူရဲ)ဗိုလ်ကြီးတွေအထိပါ။

ရုပ်ရှင်တွေထဲကကြေးစားလူသတ်သမား တွေဟာ ပစ်မှတ်တခုကိုပဲ လိုက်လံရှင်းလင်းခဲ့ပေမယ့် လေတပ်က စစ်ဗိုလ် တွေကတော့သံဃာနဲ့ကလေးငယ်၊​ကျောင်းသား၊သက်ကြီး​ရွယ်အို၊ကိုယ်ဝန်​ဆောင်တွေပါမချန်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန် နေကြတာပါ။

“သူပုန်အားပေးလို့ရှင်းလင်းတယ်”ဆိုတဲ့ဝါဒဖြန့် စကားကို အတွင်တွင်သုံးပြီး ကိုယ့်ဇာတိ မြေကို ဗုံးပြန်ကြဲခဲ့တဲ့ လေတပ်အရာရှိပေါင်းများစွာရှိ‌‌​နေဆဲဖြစ်ပါတယ်။

ဒါ​ပေမယ့် စက်တင်ဘာ ၁၀ ရက်​နေ့က​တော့ နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲ​နေတဲ့ ​လေတပ်ကစစ်သား​တွေအတွက် သတိ​ပေး​ခေါင်း​လောင်းသံထွက်​ပေါ်လာပါတယ် ။ စစ်တပ်အဓိကအသုံးပြုတဲ့​လေတပ်တစ်ခုဖြစ်တဲ့ တံတားဦး​လေတပ်ကို PDF ​တွေရဲ့ FPVဒရုန်း​တွေကဖြတ်​ကျော်ဝင်​ရောက်လာပြီး တိုက်ခိုက်သွားတာပါ ။ တိုက်​လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးကသုံးမရ​အောင်ပျက်စီးခဲ့တယ်လို့ PDF ​တွေက​ပြောပါတယ်။

စစ်တပ်က​တော့ ကနဦး ဒရုန်း​တွေက ​လေတပ်ထဲထိ​တောင်မ​ရောက်ခဲ့ဘဲ တားဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PDF ​တွေရဲ့ဒရုန်း​တွေက ​တိုက်​လေယာဥ်​တွေအနီးပျံသန်းတိုက်ခိုက်တဲ့ ရုပ်သံအ​ထောက်အထား​တွေထွက်​ပေါ်လာတဲ့အခါမှာ​တော့ တိုက်​လေယာဥ်​တွေဟာ ပိုက်ကွန်​တွေကာထားလို့ ပျက်စီးမှူမရှိဘူးလို့ ဝါဒဖြန့်ပြန်ပါတယ်။

လူထု​နွေဦးစုံစမ်းရတဲ့အချက်အလက်​တွေအရ တိုက်​လေယာဥ်အချို့ပျက်စီးခဲ့တဲ့အပြင် ​လေတပ်ကစစ်သားအချို့ပါထိခိုက်​သေဆုံးမှု​တွေရှိခဲ့ပါတယ် ။ဒါ့အပြင် ​လေတပ်တိုက်ခိုက်ခံရပြီး ဒရုန်း​တွေလာရာဘက်ကို ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကကား​တွေ ၊ရဟတ်ယာဥ်​တွေနဲ့ လိုက်ရှာတာမှာ PDF ​တွေ ၊ပကဖ​တွေက​စောင့်တိုက်လို့ ဗျူဟာမှူးအပါအဝင် စစ်သား ၅ ဦး​သေဆုံးခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်အဓိကအားကိုး​နေတဲ့ ​တိုက်​လေယာဥ်​တွေ ၊လဆိပ်​တွေထဲကို ​တော်လှန်​ရေးတပ်​တွေရဲ့ ဒရုန်း​တွေ ဖြတ်​ကျော်ဝင်​ရောက်နိုင်ပြီဆိုတာက ​လေယာဥ်ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာထက် ပို​ကြောက်စရာ​ကောင်းတဲ့သတင်းဖြစ်တယ်လို့ စစ်​ရေး​လေ့လာသူအချို့က​ပြောပါတယ် ။ PDF ​တွေက ​လေတပ်​တွေကို ထိုး​ဖောက်ဝင်​ရောက်နိုင်တဲ့ နည်းပညာရသွားပြီိဆိုတဲ့ အဓိပ္ပါယ်က ဘယ်အထိကျယ်ပြန့်တယ်ဆိုတာ ​လေတပ်ကစစ်သား​တွေပိုသ​ဘော​ပေါက်နားလည်ကြပါတယ်။

ဒါအပြင် စက်တင်ဘာ ၁၆ ရက်မှာ ဧရာဝတီမြစ်အထက်ပိုင်း ဗန်း​မော်နဲ့ ​ရွှေကူကြား စစ်​ရေယာဥ်​တွေကို လုံခြုံ​ရေးလုပ်​ပေးရင်​တော်လှန်​ရေးတပ်​တွေကို ဗုံးကြဲတဲ့ Y-12 ​လေယာဥ်ကို KIA ကပစ်ခတ်လို့ မီးခိုးအူပြီး နိမ့်ဆင်းသွားပါတယ်။ ​လေယာဥ်ပျက်ကျတယ်လို့ သုံးသပ်ပြီး ​တော်လှန်​ရေးတပ်​တွေက လိုက်ရှာ​နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့တိုက်​လေယာဥ်၊ရဟတ်ယာဥ် အနည်းဆုံး ၁၄ စီးကိုပစ်ခတ်ဖျက်ဆီးထားပါတယ် ။ဒီစာရင်းမှာ တံတားဦး​လေတပ်က တိုက်​လေယာဥ်ပျက်စီးမှုနဲ့ ဗန်​း​မော်တိုက်ပွဲမှာ Y-12 ​လေယာဥ်ပစ်ချမှု​က အတည်ပြု​နေဆဲမို့မပါ​သေးပါဘူး။

ဒီထဲမှာ PDF ​တွေက စစ်တပ်​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်ပြီး တိုက်​လေယာဥ်​တွေကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်တာက အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပါတယ် ။အာဏာသိမ်းစစ်တပ်အတွက်​တော်လှန်​ရေးတပ်​တွေအ​ပေါ် အဓိကအသာစီးရတဲ့ ​လေတပ်ကို ​တော်လှန်​ရေးတပ်​တွေက FPV ဒရုန်း​တွေနဲ့ ဘယ်​လောက်အထိစိန်​ခေါ်နိုင်မလဲ ဆိုတာ ​ဆက်လက်မြင်​တွေ့ရမှာဖြစ်ပါတယ်။

PDF စစ်ရုံးချုပ်က​တော့စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်​တွေအပါအဝင် စစ်တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ​တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့ထုတ်ပြန်​ကြေညာထားပါတယ်။

တံတားဦး​လေတပ်ကို PDF ​တွေက ဒရုန်းနဲ့တိုက်ခိုက်လိုက်တဲ့ရုပ်သံမှတ်တမ်းထုတ်ပြန်လိုက်ချိန်မှာ ပြည်သူ​တွေက ဗီဒီယိုကိုကြည့်ရှုရင်း ဝမ်းသာအားရမှတ်ချက်​တွေ​ရေးသားကြပါတယ် ။အဲဒီမှတ်ချက်​တွေကို ဖတ်ကြည်​လေတပ်ကစစ်သား​တွေအ​ပေါ် ပြည်သူ​တွေရဲ့အမြင်သ​ဘောထားအလွယ်တကူအကဲခတ်နိုင်ပါတယ်။

“ကောင်းလိုက်တဲ့ သတင်းပြည်သူပိုင်ဆိုင်တဲ့ ပြည်သူလေယာဉ်တွေနဲ့ ပြည်သူကို ထင်တိုင်းကြဲ အကြမ်းဖက်သတ်ဖြတ်နေတဲ့စစ်​ေးတွေ။အားရတယ်ဟေ့တော်လှန်ရေးသမားများ ဘေးကင်းပါစေ”လို့ပြည်သူတဦးက လူထု​​နွေဦးက​ဖော်ပြတဲ့သတင်း​အောက်မှာ​မှတ်ချက်ပြုပါတယ်။

အခြားပြည်သူတဦးကလည်း”ပျံနေတဲ့ ငှက်ကို ပစ်ချမရရင်… ငှက်သိုက်မှာ နားနေချိန် ဝင်ပစ်…အိုဟို ရှယ်ပဲ”လို့​ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့