အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို နားမလည်နိုင်ဘူး၊ ဒါမှမဟုတ် အဓိပ္ပါယ်ရှိရှိ ခုခံချေပနိုင်စွမ်း မရှိဘူးလို့ သတ်မှတ်ရင် တရားစီရင်မှုကို ဆက်လုပ်လို့ မရတော့ပါဘူး။
လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်တွေအတွက် ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒူတာတေးဟာ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICCရဲ့ ထိန်းသိမ်း ချုပ်နှောင်မှုအောက်မှာ ရှိနေပါတယ်။ သူဟာ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူပေါင်းထောင်နဲ့ချီပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုတွေအတွက် အဓိက ကြိုးကိုင်သူအဖြစ် စွပ်စွဲခံရပြီး ICCမှာ အမှုရင်ဆိုင်ရဖို့ ကြုံနေတာပါ။
အသက် ၈၁ နှစ်အရွယ် ဒူတာတေးရဲ့ အမှုအတွက် တရားဝင် ကြားနာမှုတွေကို နိုဝင်ဘာလကုန်မှာ စတင်မှာ ဖြစ်ပေမယ့် လောလောဆယ် အခြေအနေအရ သူတို့ရဲ့ အမှုသည် အခြေအနေက အတော်လေး စိုးရိမ်နေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒူတာတေးဟာ သူ့ရဲ့ ရှေ့နေနာမည်ကိုတောင် တစ်ခါတလေ မမှတ်မိဘဲ ဖြစ်နေသလို ကိုယ့်ကိုယ်ကိုယ်လည်း အသက် ၈၄ နှစ်၊ ၈၅ နှစ်လို့ ထင်နေတတ်ပြီး လက်ရှိကာလကိုလည်း ၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက် ဖြစ်မယ်လို့ ယူဆနေကြောင်း ရှေ့နေတွေက ဆိုပါတယ်။ ပြီးတော့ လက်ရှိ အမေရိကန်သမ္မတ ဘယ်သူလဲ ဆိုတာမျိုးတွေကိုလည်း ဒူတာတေးက မသိတော့ဘူးလို့ ရှေ့နေအဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
ရှေ့နေအဖွဲ့ရဲ့ တင်ပြချက်တွေကြောင့် ICCရဲ့ တရားသူကြီးတွေက ဒူတာတေးရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်ဖို့ ကျွမ်းကျင်သူ သုံးဦးပါဝင်တဲ့ အကဲဖြတ် အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ အကဲဖြတ်ချက်ကို လူသိရှင်ကြား မထုတ်ပြန်ပေမယ့် ဒူတာတေးရဲ့ ရှေ့နေတွေကတော့ သူတို့ရဲ့ ရှေ့နေဟာ အမှန်တကယ် မှတ်ဉာဏ်အခြေအနေ ဆိုးရွားနေတယ်လို့ ပြောကြားခဲ့သလို အကဲဖြတ် အဖွဲ့ရဲ့ သုံးသပ်ချက်တွေဟာ ပြည့်စုံလုံလောက်မှု မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
ဒူတာတေးဟာ ရှေ့နေရဲ့ နာမည်ကိုတောင် မေ့နေတတ်တာကြောင့် တရားရင်ဆိုင်ချိန် ရှေ့နေတွေက သူ့ကို သင့်လျော်တဲ့ အကြံပြုချက်တွေ ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ရှေ့နေအဖွဲ့ကို ဦးဆောင်နေတဲ့ ပီတာဟေးနက်စ်က ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ခုခံလျှောက်လဲမှုတွေအတွက် ပြင်ဆင်ရာမှာ အမှုသည်ဆီက ဘယ်လို ထိရောက်တဲ့ အကူအညီမျိုးမှ မရနိုင်ဘဲ ဖြစ်နေတယ်လို့ ဟေးနက်စ်က ဆက်ပြောပါတယ်။
အစိုးရ ရှေ့နေတွေဖက်ကတော့ ဒူတာတေးဟာ တရားမျှတပြီး ဥပဒေနဲ့ ညီညွတ်တဲ့ ရုံးချိန်းတွေမှာ တရားရင်ဆိုင်ဖို့ သင့်လျော်တယ်လို့ ကြေညာထားပါတယ်။ ဒူတာတေးရဲ့ ရှေ့နေတွေကတော့ အကဲဖြတ် အစီရင်ခံစာက ပြည့်စုံ လုံလောက်မှု မရှိတဲ့အတွက် အကဲဖြတ် ပညာရှင် သုံးဦးကို တရားခွင်မှာ မေးမြန်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
တရားသူကြီးတွေဆီ တင်ပြတဲ့ အကဲဖြတ်ချက်မှာတော့ ဒူတာတေးဟာ အပြည့်အဝ အာရုံစိုက်နိုင်စွမ်းမျိုး မရှိဘူးလို့ ရေးသားထားပေမယ့် တမင်ဟန်ဆောင်ပြနေတာလား၊ စစ်ဆေးမှုတွေမှာ ပါဝင်ဖို့ စိတ်အားမထက်သန်တာလား ဆိုတာမျိုးတွေကို တိတိကျကျ ကောက်ချက် ချမပေးနိုင်ခဲ့ကြောင်း ဒူတာတေးရဲ့ ရှေ့နေတွေက ပြောပါတယ်။
ဖိလစ်ပိုင်ကနေ ဖမ်းခေါ်သွားပြီးတဲ့နောက် နယ်သာလန်မှာရှိတဲ့ ICCကို လွှဲပြောင်းပေးပြီးနောက်ပိုင်း ဒူတာတေးဟာ ဗီဒီယိုကနေ အစစ်ဆေးခံမှု တစ်ကြိမ်မှာပဲ လူမြင်ကွင်းထဲ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ သူဟာ ငူငူငေါင်ငေါင် ဖြစ်နေတာ၊ ငိုက်မြည်းနေတာမျိုးတွေ ရှိခဲ့သလို သူ့နာမည်ကို အတည်ပြုဖို့ မေးတဲ့အချိန်မှာတောင် တစ်ခုခုကို နားမလည်သလိုနဲ့ တဖွဖွ ရွတ်နေတာကို မြင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ကျန်းမာရေးကို အကြောင်းပြပြီး အခုလို ဗီဒီယို ကြားနာမှုတွေမှာ ဒူတာတေးကို မဆင့်ခေါ်ဖို့ ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ မှာ ကြားနာမယ့် အဓိက ရုံးချိန်း မစတင်ခင်မှာ တရားသူကြီး အဖွဲ့ရဲ့ အကြီးအကဲ ဂျိုအန်းကော်နာက စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် ကနဦး ကြားနာမှုမှာ ဒူတာတေး တက်ရောက်ဖို့ တိုက်တွန်းထားပါတယ်။ ဗီဒီယိုကနေ ကြားနာတာ မဟုတ်တဲ့ တရားခွင်ဆီ ဒူတာတေး ရောက်လာမယ် ဆိုရင်တော့ ICC ရှေ့မှောက်မှာ စစ်ဆေးကြားနာမှု ခံရတဲ့ ပထမဆုံး အာရှနိုင်ငံ ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်လာမှာပါ။
အစောပိုင်းတုန်းကတော့ ဒူတာတေးဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေကို ရက်ရက်စက်စက် ဖြိုခွင်းစေခဲ့တာဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုမြောက်ကြောင်း စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူ့မှာ ဘာအပြစ်မှ မရှိဘူးလို့ တုံ့ပြန်ထားခဲ့ဖူးပါတယ်။
ကိုးကား: AFP


















































