အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့က လူနေဧရိယာထဲ ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒေသစံတော်ချိန်အရ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းတုန်းက ရဟတ်ယာဉ်ဟာ လော့စ်အန်ဂျလိစ် မြို့လယ်ခေါင်ကနေ အနောက်မြောက်ဖက် ၂၅ မိုင်လောက် အကွာမှာ တည်ရှိတဲ့ ချတ်စ်ဝေါ့သ် ရပ်ကွက်ထဲက စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆောက်အအုံ နှစ်ခုကြားထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီနားမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ ဘတ်စ်ကား မတော်တဆမှု တစ်ခုအပြီး ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိနေချိန်မှာပဲ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။ ရဟတ်ယာဉ်ဟာ သတင်းဌာန တစ်ခုက ပိုင်ဆိုင်တာလို့ ကနဦး သိရှိထားပြီး ယာဉ်မတော်တဆမှုကို သတင်းယူနေရင်း ပျက်ကျခဲ့တာလို့ ယုံကြည်ရပါတယ်။
ရဟတ်ယာဉ်ဟာ အဆောက်အအုံ တစ်ခုရဲ့ အပြင်ဖက်က ကွန်တိန်နာပုံးတွေဆီ ထိုးဆင်းသွားပြီး မီးလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ ၃ ဦး သေဆုံးပြီး နောက်ထပ် တစ်ဦးကိုတော့ ဆေးရုံ ပို့ဆောင်ထားရတယ်လို့ လော့စ်အန်ဂျလိစ် မီးသတ်ဌာနက ဆိုပါတယ်။ အဲဒီတစ်ဦးရဲ့ အခြေအနေကို မသိရသေးပါဘူး။

Public Service Announcement
ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးသလို လူဘယ်နှယောက် စီးနင်းလိုက်ပါလာခဲ့သလဲ ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။ သေဆုံးသူတွေထဲမှာတော့ မြေပြင်ပေါ်မှာ ရှိနေခဲ့တဲ့ လမ်းသွားလမ်းလာတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ၂၀၀၄ ခုနှစ်မှာ တည်ဆောက်ထားတဲ့ Eurocopter AS350 B2 အမျိုးအစားဖြစ်ပြီး လူသုံးများတဲ့ အင်ဂျင်တစ်လုံးတပ် ဘက်စုံသုံး အမျိုးအစား ဖြစ်ပါတယ်။
ရဟတ်ယာဉ်ပျက်ကျလို့ မီးလောင်မှု ဖြစ်ပွားတဲ့ နေရာမှာတော့ မီးငြှိမ်းသတ်ခဲ့ပြီးပါပြီ။ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့နဲ့ ဖက်ဒရယ် အရပ်ဖက် လေကြောင်း စီမံခန့်ခွဲရေး ဌာနတွေက အခုဖြစ်ရပ်ကို ကိုင်တွယ် စုံစမ်းနေကြောင်းလည်း လော့စ်အန်ဂျလိစ် မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
ကိုးကား: CNN


















































