Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြပွဲတွေ နောက်ဆက်တွဲ ဆူပူမှုတွေ ဆိုးရွားလာခြင်းကြောင့် လော့စ်အန်ဂျလိစ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းဆန်ဆန် ဆူပူမှုတွေအဖြစ် ကူးပြောင်းလာနေတဲ့နောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ရဲ့ အစိတ်အပိုင်း တချို့ကို ညမထွက်ရအမိန့် ကြေညာခဲ့ရပါတယ်။

Getty Images

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းဆန်ဆန် ဆူပူမှုတွေအဖြစ် ကူးပြောင်းလာနေတဲ့နောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ရဲ့ အစိတ်အပိုင်း တချို့ကို ညမထွက်ရအမိန့် ကြေညာခဲ့ရပါတယ်။

လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘေ့စ် ဒေသစံတော်ချိန်အရ ဇွန်လ ၁၀ ရက်နေ့ ညပိုင်းကစလို့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ကြောင်း ကြေညာခဲ့ပါတယ်။ လော့စ်အန်ဂျလိစ်ဟာ ဆန္ဒပြမှုတွေကို အကြောင်းပြုပြီး မသမာသူတွေက လုယက်မှုတွေ၊ ဖျက်ဆီးမှုတွေ၊ ဆူပူမှုတွေပါ ကျူးလွန်နေတဲ့ အခြေအနေကို ကြုံနေရပါတယ်။

ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို တားဆီးဖို့အတွက် သူဟာ လော့စ်အန်ဂျလိစ် မြို့ထဲ ရပ်ကွက်တွေမှာ အရေးပေါ် ညမထွက်ရအမိန့် ကြေညာကြောင်း ဘေ့စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီ အမိန့်ဟာ နောက်ထပ် ရက်ပိုင်းလောက် ဆက်ပြီး တည်တံ့နေဖွယ် ရှိတယ်လို့လည်း မြို့တော်ဝန်က မှတ်ချက်ပေးခဲ့ပါတယ်။ ညမထွက်ရ အမိန့်ဟာ ည ၈ နာရီကနေ မနက် ၆ နာရီထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

လော့စ်အန်ဂျလိစ်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) အေးဂျင့်တွေက တရားမဝင် ရွှေ့ပြောင်းအခြေချသူ နိုင်ငံခြားသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆန္ဒပြပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆူပူမှုတွေကို ဒီမိုကရက်တစ်ပါတီဝင် နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ဘေ့စ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်တို့က ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးလို့ စွပ်စွဲပြီး လော့စ်အန်ဂျလိစ်ကို အမေရိကန် စစ်တပ်ရဲ့ အရန်တပ်တွေသာ မကဘဲ မရိန်းတပ်ဖွဲ့တွေကိုပါ စေလွှတ်ခဲ့ပါတယ်။

အရပ်သားတွေ ဆန္ဒပြတဲ့ ကိစ္စမှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး ဖက်ဒရယ် အစိုးရက စစ်တပ်တွေ တိုက်ရိုက် ဖြန့်ကျက်စေတဲ့ လုပ်ရပ်အတွက် အကြီးအကျယ် ဝေဖန်မှုတွေ ရှိလာပေမယ့် အိမ်ဖြူတော်ကတော့ လော့စ်အန်ဂျလိစ်မှာ ရှိနေတဲ့ ဖက်ဒရယ် အစိုးရ အဆောက်အအုံတွေ၊ ICE အေးဂျင့်တွေကို ကာကွယ်ဖို့ လုပ်သင့်တာကို လုပ်ခဲ့တာလို့ အကြောင်းပြချက် ပေးထားပါတယ်။

ထရမ့်က မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ လော့စ်အန်ဂျလိစ် စေလွှတ်ခဲ့တဲ့ လုပ်ရပ် အပြီးမှာတော့ ဆန္ဒပြမှုတွေဟာ အမေရိကန်ရဲ့ တခြားအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့ ကူးစက်လာပြီ ဖြစ်ပါတယ်။ ဆီယက်တဲလ်၊ နယူးယောက်၊ ဆန်ဖရန်ဆစ္စကို၊ အော်စတင်၊ ချီကာဂိုတို့လို မြို့ကြီးတွေအပြင် အစိုးရ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီမြို့တော်မှာလည်း ဇွန်လ ၁၀ ရက်နေ့က ချီတက်ပွဲတွေ ဖြစ်ပေါ်လာပါတယ်။

ဆန္ဒပြသူတွေဟာ ICEကို ဆန့်ကျင်တဲ့ စာတန်းတွေ ကိုင်ဆောင်လာသလို ရွှေ့ပြောင်း အခြေချသူတွေကို ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် ဆန့်ကျင်ကြောင်းလည်း ကြွေးကြော်ခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေက လာမယ့် ရက်ပိုင်းတွေအတွင်း နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေကို ပိုမို ချဲ့ထွင် အကောင်အထည် ဖော်သွားမယ်လို့ ပြောကြားထားပြီး ဇွန် ၁၄ ရက်နေ့ကျရင် No Kingsလို့ နာမည်ပေးထားတဲ့ လူထု စုဝေး ဆန္ဒဖော်ထုတ်မှု အစီအစဉ်တွေကိုပါ စီစဉ်ထားပါတယ်။ အဲဒီနေ့ဟာ ထရမ့်ရဲ့ မွေးနေ့ဖြစ်သလို ထရမ့်ရဲ့ ညွှန်ကြားချက်အရ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် အမေရိကန် စစ်တပ် စစ်ရေးပြ ချီတက်ပွဲကြီးနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် အရေးနဲ့ ပတ်သက်ပြီး အဖြေမှန် ရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်း စောင့်ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားဆီ ရဟတ်ယာဉ်တွေနဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါတယ်။