Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကစုန်ဆင်းတဲ့ စစ်သင်္ဘော ၇စီးနဲ့ ရွှေကူကဆန်တက်တဲ့ စစ်သင်္ဘော ၃စီးကို KIA ပူးပေါင်းတပ် ထပ်မံ တိုက်ခိုက်

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

စက်တင်ဘာ ၁၆ရက်၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်တဲ့ စစ်တပ်ရဲ့ သင်္ဘော ၃စီးနဲ့ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ် သင်္ဘော ၇စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ တိုက်ခိုက်ခဲ့ရာ သင်္ဘောအများစု ထိခိုက်ပျက်စီးပြီး ရေမြုပ်သွားတဲ့ သင်္ဘောတွေလည်းရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာအတွင်းမှာ ရွှေကူ-ဗန်းမော်အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၁၈စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ဆက်လက်ကြိုးပမ်းတာ၊ ဗန်းမော်မြို့က သင်္ဘောတွေ အောက်ဘက်ကို ဆက်လက်စုံဆင်းခဲ့လို့ KIA ပူးပေါင်းတပ်က လမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

“ဒီမနက်က ဗန်းမော်က ဆင်းလာတဲ့ သင်္ဘောတွေ မနေ့ကတည်းက ကျနော်တို့ ပစ်တာ ဒီမနက်က ဗန်းမော်အောက် စာ၀တီးနဲ့ မြလယ်-စင်းခန်း အဲဒီကြားမှာ သင်္ဘော ၇စီးလုံး တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ တချို့ကဘေးစောင့်အနေးအထားနဲ့။ စင်းခန်းတံတားအောက်မှာ တစီးမြုပ်တယ် အထက်နားမှာ တစီးမြုပ်တယ်။ ရွှေကူကလည်း သင်္ဘော ၃စီးတက်လာတာ အဲဒါ ၁စီးကတော့ ဝဲမကြီးမှာ မြုပ်သွားပြီ။ နှစ်စီးကတော့ ရွှေကူဘက် ပြန်ခေါက်သွားပြီ။ ပြန်ခေါက်တဲ့ သင်္ဘောလည်း မီးခိုးတလူလူနဲ့ပျက်စီးသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗန်းမော်မြို့က ဆင်းလာတဲ့ သင်္ဘော ၇စီးဟာလည်း ရေမြုပ်သွားမယ်လို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

“တဝက်မြုပ်တဝက်ပေါ် ၇စီးကလည်း ပြန်မြုပ်မှာပါ။ ညနေပိုင်းဆိုမြုပ်မယ်ထင်တယ်။ ရေဝင်နေတယ်ဆို တော့ မရတော့ဘူးလေ အင်ဂျင်တွေ အကုန်လုံးမြုပ်ကုန်ပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး သင်္ဘောတွေ အသုတ်လိုက် ကချင်ပြည်နယ်ကို ဝင်ရောက်လာရာ ရွှေကူ-ဗန်းမော်ကြား မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ ရက်ပေါင်း ၂၀ကျော်အတွင်း စစ်တပ်သင်္ဘော ၂၅စီးထက်မနည်းကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ရာ အများစုဟာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသ ဝန်းကျင်မှာ ရေနစ်မြုပ်တာ မီးလောင်တာတွေဖြစ်ပွားခဲ့ပါတယ်။ သင်္ဘောတွေကို တိုက်ခိုက်နိုင်မှု ရုပ်သံမှတ်တမ်းတွေကိုလည်း ကချင်သတင်းရင်းမြစ်တွေက တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ဖော်ပြခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ကို စင်အင်အားဖြည့်ဖို့၊ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းသုံး ကြိုးပမ်းနေပေမဲ့ ရေကြောင်းတိုက်ပွဲနဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာလည်း သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ စစ်တပ် Y12 လေယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာထိမှန်ခဲ့ပြီး မီးခိုးအူသွားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒေသခံတွေက လေယာဉ်ပျက်ကျသွားတယ်ဆိုတဲ့ သတင်းပို့မှုရှိလို့ ပျက်ကျတယ်လို့ ယူဆရတဲ့ နေရာကို လိုက်ရှာနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ဗန်းမော်မြို့နယ် ကောင်ဂျာယာန်တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်းတခုလုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးကာ ၃၀ ကျော်အရှင်ဖမ်းမိခဲ့သလို စင်းခန်း၊ ဇင်းဘုံ ဒေသ တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်ကြောင်းပျက် အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

လတ်တလော စစ်ရေး အခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဒီမနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဗိုလ်မှူးကြီးနော်ဘူအနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ် စတင်ဝင်ရောက်လာချိန်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကို လက်ဗလာနဲ့ ကြိုဆိုမှာမဟုတ်ဘဲ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အသိပေးထားသလို အမှန်တကယ်အထိနာအောင်လည်း တိုက်ခိုက်ထားနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။