စက်တင်ဘာ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
တော်လှန်ရေးရဲဘော်တွေက စစ်သုံ့ပန်းတွေကို နှိပ်စက်တာမရှိဘဲ အချိန်တန်ရင်မိသားစုနဲ့ ပြန်တွေ့ခွင့်ရမယ်လို့ အားပေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးပြည့်စုံအောင်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက် ရုပ်သံတွေကို အလျဉ်းသင့်သလို ထုတ်ပြန်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာတော့ ပစ္စတို ၁၉လက်နဲ့အတူ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးပြည့်စုံအောင်ရဲ့ ပြောဆိုချက်ကိုဖော်ပြခဲ့တာပါ။ ဗိုလ်ကြီးပြည့်စုံအောင်ဟာ ဗိုလ်မှူးအောင်ဖြိုးဝေ၊ တပ်ကြပ်ကြီးစာရေးမျိုးဦးတို့နဲ့အတူ ဇွန်လ ၁ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
သရက်ခရိုင် တပ်ရင်း(၃)က နယ်မြေရှင်းလင်းရေး၊ လမ်းပိုင်းစိုးမိုးရေးလုပ်ဆောင်နေစဉ် ပစ္စတို ၁၉လက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement
ဖမ်းဆီးခံရပေမဲ့ PDF ရဲဘော်တွေက နွေးနွေးထွေးထွေး ဆက်ဆံကြကြောင်း ဗိုလ်ကြီးပြည့်စုံအောင်က ပြောပါတယ်။
“ဒီဘက်က ရဲဘော်တွေက ကျနော်တို့ကို စိတ်မညစ်အောင် အမြဲတမ်းအားပေးတယ်။ မိသားစုနဲ့ အချိန်တန်ရင်ပြန်တွေ့ရမယ် ဘာမှ အားမငယ်နဲ့ ဆို အမြဲတမ်းအားပေးတယ်။ တွေ့တိုင်းအားပေးတယ်” လို့ စစ်သုံ့ပန်းဗိုလ်ကြီးက ပြောပါတယ်။
ဒါ့အပြင် မူလထင်းထားသလို မဟုတ်ဘဲ လက်ဖျားနဲ့တောင်မထိဘူးလို့ သူက ပြောပြပါတယ်။ ဒါ့အပြင် အမြင်မှန်မရဘဲ စစ်တပ်အတွက် လုပ်ခဲ့မိတာတွေကို နောင်တရမိကြောင်းလည်း သူက ပြောပါတယ်။
ဖမ်းဆီးခံထားရပေမဲ့ ရဲဘော်တွေ စားသလို စစ်သုံ့ပန်းတွေ စားရကြောင်းလည်း ပြောပါတယ်။
ဗိုလ်ကြီးပြည့်စုံအောင် အပါအဝင် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းများကို PDF ရဲဘော်များအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းပါ စစ်သုံ့ပန်းဆိုင်ရာ အခွင့်အရေးများနဲ့ အညီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
“အကြမ်းဖက်စစ်တပ်အတွက် ပြည်သူကို မနှိပ်စက်လိုတော့သော”၊ လူစိတ်ကျန်ရှိနေသေးသည့် သန္ဓေ၊ ပစ စစ်သည်များအနေဖြင့် ပြည်သူ့မျက်နှာကိုကြည့်ကာ အမှန်တရားဘက်သို့ အမြန်ဆုံး ရပ်တည်ကူးပြောင်းကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းထားပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း ဖိတ်ခေါ်ထားပါတယ်။


















































