Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို အာဆီယံရဲ့ဒရုန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်မပေးဖို့ JFM တောင်းဆို

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - JFM

စက်တင်ဘာ-၁၇၊ ၂၀၂၆။ တေဇ/People’s Spring

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

“တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်။အာဆီယံဒေသဆိုင်ရာဖိုရမ် အလုပ်ရုံဆွေးနွေးပွဲကို ပူးတွဲစီစဉ်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ပါဝင်မှုကို ပိတ်ပင်ရမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကိုသာ အထောက်အကူပြုစေမယ့် အသိပညာ၊ နည်းပညာနဲ့ နည်းဗျူဟာတွေကို စစ်အုပ်စု လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်း မရှိစေရေး သေချာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။

ARF ရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဩစတြေးလျ၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေက ပူးတွဲဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ARF ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ ၂၀၂‌၆ သို့မဟုတ် ၂၀၂၇ မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က အဆိုပြုထားတဲ့ အဲဒီ့အလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒချမှတ်ရေးပိုင်းမှာ လက်တွေ့လုပ်ဆောင်နေသူတွေ ၊ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ၊ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေ ၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူ‌ တွေပါဝင်တက်ရောက်ကြမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ လူသုံးနဲ့စက်မှုလုပ်ငန်းသုံး ဒရုန်းတွေကို အကြမ်းဖက် သမား တွေက ရရှိအသုံးပြုနေမှု အကြောင်း ၊အလွယ်တကူရရှိနိုင်တဲ့ ဒရုန်းနည်းပညာတွေ အတားအဆီးမရှိ နယ်စပ်ဖြတ်ကျော် စီးဆင်းနေမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမှာလို့သိရပါတယ်။

အာဏာသိမ်းထားတဲ့စစ်တပ်က ဒီမိုကရေစီအရေး ခုခံတော်လှန်မှုတွေကို ချေမှုန်းဖို့နဲ့ နယ်မြေထိန်းချုပ်မှုတွေရရှိဖို့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့ အကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အသိပေးနေချိန်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ JFM က အသိပေးထားပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာစစ်တပ်ကို ဖိတ်ကြားဖို့ တိုင်ပင်ဆွေးနွေးနေတယ်လို့ JFM ရဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာကြောင့် ကန့်ကွက်တောင်းဆိုနေတာဖြစ်ပါတယ်။

စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ် ၊ အာဆီယံအစည်းအဝေး နဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်‌ခွင့်ပေးတာက မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ရာရောက်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ ပိုမိုအတင့်ရဲလာနိုင်တယ်လို့ မရတနာမောင်က ထောက်ပြထားပါတယ်။

“လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌနိုင်ငံလည်းဖြစ်၊ အာဆီယံဒေသဆိုင်ရာဖိုရမ်ဥက္ကဋ္ဌ နိုင်ငံလည်းဖြစ်တဲ့ စင်ကာပူအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ရေးအတွက် ပိုမိုကြီးမားတဲ့ တာဝန်ရှိနေပါတယ်။” လို့ မရတနာမောင်ကပြောပါတယ်။

အာဆီယံဒေသဆိုင်ရာဖိုရမ် ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ ဝတ္တရားကိုလိုက်နာတဲ့အနေနဲ့ စစ်တပ်ကို ဒရုန်းအလုပ်ရုံဆွေးနွေးပွဲကနေပိတ်ပင်ခြင်းနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့ တိုက်တွန်းထားပါတယ်။

“အာဆီယံဒေသဆိုင်ရာဖိုရမ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို တရားဝင်မှု၊ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီ တွေလက်လှမ်းမှီ ရရှိနေမှုတွေကို ဖြတ်တောက်ဖို့အတွက် ခိုင်မာအားကောင်းတဲ့ အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး ပူးပေါင်းညှိနှိုင်း ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ မရတနာမောင်ကအကြံပြုထားပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ၂၀၂၅ မှာ အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အဲဒီ့နှစ်မှာလေကြောင်းတိုက်ခိုက်မှု တွေကြောင့် ကလေး ၂၃၂ ဦး အပါအဝင် အနည်းဆုံး လူ ၉၈၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ် ။ အဲဒီ့အရေအတွက်က ၂၀၂၄ နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း တိုးမြင့်လာတာလို့ သိရပါတယ်။

ဒရုန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး လွတ်လပ်သော စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၅ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း စစ်အုပ်စုရဲ့ ဒရုန်းတိုက်ခိုက်မှု ၅၇၀ ကျော်ရှိခဲ့ပြီး အဲဒီ့တိုက်ခိုက်မှု‌တွေကြောင့် အရပ်သားပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

စစ်အုပ်စုက ထိန်းချုပ်မောင်းနှင်တဲ့ ဒရုန်းတွေကို စာသင်ကျောင်းတွေ ဘာသာရေးဝတ်ပြုရာ နေရာတွေ အပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို သေစေနိုင်တဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ JFM က ထောက်ပြထားပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ် သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ လက်လုပ်ဓာတုလက်နက်များ သယ်ဆောင်ပစ်ချဖို့အတွက်လည်း ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။

စစ်အုပ်စုက သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို “အကြမ်းဖက်မှုတိုက်ဖျက်ရေး” လို့ လိမ်လည်ပုံဖော်ထားတာဖြစ်ပြီး ဒေသတွင်းထောက်ခံမှုရရှိဖို့ နဲ့ အာဆီယံရဲ့ ကာကွယ်ရေးနဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်တွေကို အရင်ကတည်းက အသုံးချခဲ့တာဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ စစ်တပ်ကို ပါဝင်စေတာက စစ်တပ်အပေါ် ဆန့်ကျင်တဲ့ မူဝါဒရပ်တည်ချက်‌ တွေကိုချမှတ်ခဲ့တဲ့ အမေရိကန် နဲ့ ဩစတြေးလျ နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေနဲ့ဆန့်ကျင်နေတယ်လို့ JFM ကထောက်ပြထားပါတယ်။

စင်ကာပူအပါအဝင် အလုပ်ရုံဆွေးနွေးပွဲရဲ့ ပူးတွဲစီစဉ်သူတွေက စစ်အုပ်စုရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှု တွေ အပါအဝင်အရပ်သား တွေအပေါ် တိုက်ခိုက်မှု တွေကို ပြစ်တင်ရှုတ်ချထားကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အာဆီယံဒေသဆိုင်ရာဖိုရမ်အနေနဲ့ မောင်းသူမဲ့လေယာဉ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပါအဝင် အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးမှာ စစ်တပ်ကို ပိတ်ပင်ဖို့ ၊စစ်တပ်ဆီကို နည်းပညာ သို့မဟုတ် လုံခြုံရေးဆိုင်ရာ အသိပညာ၊ အချက်အလက် တွေ မျှဝေခြင်း မရှိစေဖို့ လုပ်ဆောင်ပေးဖို့ JFM ကတောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။