■ကြည်း၊ ရေ၊လေညှိကွပ်ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်
■အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီးအရပ်ဘက်ရောစစ်ဘက်ပါမင်းအောင်လှိုင်ကလုပ်ချင်သလိုလုပ်နေပြီး မကျေလည်မှုများနေပြီဟုစစ်ရေးအကဲခတ်အချို့သုံးသပ်
စက်တင်ဘာ-၁၇၊၂၀၂၆။ယောနသံ/People’s Spring
ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ပေမယ့် ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီးနောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

Public Service Announcement
ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေပြန်ထမ်းဆောင်ဖို့နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာလ၁၇ရက်နေ့ညမှာ စစ်အုပ်စုကကြေညာတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တာက စစ်ဘက်တာဝန်တွေကို လျှော့ချလိုတာလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
“ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကိုစစ်ဘက်ကို ပြန်ပို့တာက မထူးခြားဘူး။ ဗိုလ်ချုပ်ကြီး ကိုကိုဦးကိစ္စကတော့ထူးခြားတယ်။အရပ်ဘက်တာဝန်တွေပိုယူခိုင်းပြီး စစ်ဖက်တာဝန်တွေကိုလျှော့ချလိုက်တာ။ ဘာကြောင့်လဲဆိုတော့ အခုကချင် နဲ့ ရခိုင်မှာ စစ်ရှုံးနေတာကို ထိပ်ပိုင်းမှာ အစာမကျေကြဘူးဖြစ်နေပြီ အချင်းချင်းလည်း ငြိနေကြပုံရတယ်”လို့ နေပြည်တော်ကစစ်ရေးရင်းမြစ်ကသုံးသပ်ပါတယ်။
လက်ရှိမှာ စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်တဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဟာ ဆက်ဆံရေးမပြေလည်ကြဘဲ စစ်ဦးကျိုးနေတဲ့စစ်ဆင်ရေးတွေမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့နေကြတယ်လို့ စစ်တပ်အသိုင်းအဝိုင်းမှာသုံးသပ်မှုတွေရှိနေပါတယ်။
သြဂုတ်လကုန်ပိုင်းနဲ့စက်တင်ဘာလမှာကချင်ပြည်နယ်၊ဗန်းမော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေပိုဖို့စစ်သင်္ဘောတွေကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လေကြောင်းပစ်ကူ ၊ကြည်းကြောင်းစစ်ကူတွေနဲ့စေလွှတ်ခဲ့ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့သင်္ဘော အစီး ၂၀ ကျော်ဖျက်ဆီးခံရပြီးစစ်သားရာချီသေဆုံးကာ စစ်သားအများအပြားအလံဖြူထောင်လက်နက်ချပြီး စစ်တပ်စစ်ရှုံးခဲ့ပါတယ်။
စက်တင်ဘာလဆန်းကတည်းကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်အုပ်စုရဲ့ သင်္ဘောအစီး ရေ၂ဝ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက စက်တင်ဘာလ၁၆ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ထဲမှာ နောက်ထပ် စစ်ရေယာဉ်တွေ ရှိနေပြီး KIA၊KPDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။နောက်ထပ်စစ်တပ်ရဲ့သင်္ဘောတွေဖျက်ဆီးခံရတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ သင်္ဘောတွေ ဖျက်ဆီးခံရတဲ့အပြင် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးသလို စစ်သုံ့ပန်း ရာချီပြီး KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲခံနေရတဲ့ ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့ သင်္ဘောတွေနဲ့ သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်းအများအပြားလည်း ဆုံးရှုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။မြေပြင်စစ်ကူစစ်ကြောင်းတွေလည်း စစ်ကြောင်းပျက်တယ်အထိ တိုက်ခိုက်ခံရတယ်။ အခုလို ရုပ်ပျက်ဆင်းပျက်အထိနာနေတာက စစ်ရေးဗျူဟာ ညံ့ဖျင်းလို့ဖြစ်တာလို့ စစ်တပ်အသိုင်းအဝိုင်းကအပြင်းအထန်ဝေဖန်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်အုပ်စုအထိနာနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီးရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းထဲက AA ထိန်းချုပ်နယ်မြေတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းနယ်စပ်တွေကို ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး စစ်တပ်က ထိုးစစ်ဆင်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာလည်းအာရက္ခတပ်တော်ရဲ့ဖြတ်တောက်ပိတ်ဆို့တိုက်လိုက်မှုကြောင့် နှစ်ပါတ်ကြာတဲ့တိုင် စခန်းတစ်ခုမှမသိမ်းနိုင်ဘဲစစ်တပ်စစ်ကြောင်းအချို့ သေဆုံး ဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်ပြေးရသလို ၊စစ်တပ်စခန်းတွေ ပါမသွားဖို့ ခံစစ်နဲ့ ပြန်ခုခံနေတဲ့ အခြေအနေရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်တန်ပြန်ထိုးစစ်ဟာ သေဆုံးဒဏ်ရာရသူ၊ထွက်ပြေးသူ ၊အလင်းဝင်သွားသူများပြီး စစ်ဦးကျိုးသွားတဲ့အခြေအနေမို့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကြား အချင်းချင်းသဘောထားကွဲလွဲနေကြတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ရေးအကဲခတ်အချို့ကတော့ ဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အရပ်ဖက်ကို ရည်ရွယ်ချက်ရှိရှိရွှေ့ပြောင်းခံရတာဖြစ်ပြီး တစ်ချိန်ချိန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်တယ်ဆိုတဲ့အိပ်မက်လည်း ပျက်ပြယ်သွားပြီလို့ သုံးသပ်ပြောကြားပါတယ်။
စစ်ရေးအကဲခတ်တစ်ဦးကလည်း “အင်္ဂါစဉ်အရ ညှိကွပ်က နောက်ရောက်ရုံတင်မကပဲ အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီ။အရပ်ဘက်ရော စစ်ဘက်ပါ မအလက လှန်ချင်သလို လှန်၊ မှောက်ချင်သလို မှောက်လုပ်နေတာ”လို့အာဏာသိမ်းခေါင်းဆောင်ကစစ်အုပ်စုအတွင်း လုပ်ချင်သလိုလုပ်နေတာကိုပြောပါတယ် ။ဒီအခြေအနေတွေကြောင့်စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကြားအာဏာသိမ်းခေါင်းဆောင်ကိုမကျေမလည်မှုတွေ ရှိနေပြီလို့သုံးသပ်ရတယ်လို့သူကဆက်ပြောပါတယ် ။


















































