စက်တင်ဘာ ၁၈၊ ၂၀၂၆။ ဗေဒါ/People’s Spring
စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက်ဘုန်ကြီးဦးသုစိတ္တရဲ့အကောင့်တွေကို Tiktok က ဖယ်ရှားခံလိုက်ရပါတယ်။
ဦးသုစိတ္တ(မျိုးချစ်သမဂ္ဂ)နဲ့ ပေါက်ကိုယ်တော်တို့ရဲ့ Tiktok အကောင့်တွေ ဖယ်ရှားခံလိုက်ရကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံထားပါတယ်။
“ဘုန်းဘုန်းတစ်ပါးတည်းမဟုတ်ပါဘူး။ဘုန်းဘုန်းသူငယ်ချင်း ပေါက်ကိုယ်တော် အရှင်ဝိရိယာဝံသရဲ့အကောင့် သူကမနက်ပျက်၊ ကိုယ်က ညနေပျက်၊ သူကလွန်ခဲ့တဲ့ တစ်နာရီဆို ကိုယ်ကနောက် နာရီဝက်ဆိုပျက်။ ဘုန်းဘုန်းတို့ရဲ့ အကောင့်တွေကို သီးသန့်များ group တွေဖွဲ့၊ reoprt တွေ တင်နေကြတာလား။ ဝိုင်းထုနေကြတာလားပေါ့နော်”လို့ ထပ်မံဖွင့်လိုက်တဲ့ အကောင့်သစ်ကနေ သဃ်န်းဝတ်ဦးသုစိတ္တက ပြောပါတယ်။

Public Service Announcement
အလားတူ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကလည်း ၎င်းရဲ့ Tiktok အကောင့်ပျက်သွားတဲ့အတွက် ပျူစောထီးချိုကြီးရဲ့ အကောင့်ကနေ ခေတ္တဝင်သုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ပေါက်ကိုယ်တော်ရဲ့အမည်နဲ့ ပေါက်ကိုယ်တော်ရဲ့အကောင့်တွေက လုံးဝလုံးဝ သုံးမရတဲ့အတွက်ကြောင့် မောင်မြင့်ချို ကျောင်းလာကန်တော့တဲ့အချိန်မှာ သူ့အကောင့်လေးက တော်တော်မာတယ် ခိုင်တယ်ဆိုလို့ သုံးကြည့်တာပါ”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဦးသုစိတ္တဟာ Tiktok ကနေ အခြားဘာသာဝင်တွေနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ဟောပြောချက်တွေ၊လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ တင်းမာတဲ့ အမုန်း စကားတွေကို ပြောဆိုခဲ့သူလို့ ဝေဖန်ခံနေရသူပါ။ အရင်ကလည်း စစ်တပ်ထောက်ခံပွဲတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ၎င်းတို့ရဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဆိုတဲ့အဖွဲ့ဟာ ရန်ကုန်နဲ့ မန္တလေးမြို့က ဗလီတွေ ပြန်လည်တည်ဆောက်မှုကိစ္စတွေမှာ လိုက်လံတားမြစ်နေတယ်လို့ သိရပါတယ်။
ပေါက်ကိုယ်တော်ကတော့ အာဏာသိမ်းစစ်တပ်ထောက်ခံကာ ပျူစောထီးအဖွဲ့တွေ ဦးဆောင် ဖွဲ့စည်းပေးတာ၊ စစ်တပ်ကို ထောက်ခံပြီး စစ်ကောင်စီကို တော်လှန်သူတွေကို ဆန့်ကျင်ပြောဆိုတာတွေ ပြုလုပ်နေသူဖြစ်ပါတယ်။


















































