Connect with us

Hi, what are you looking for?

ဆောင်းပါး

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်အပေါ် သံတမန်ရေး အမြတ်ထုတ်ဖို့ ကြံနေတဲ့ မင်းအောင်လှိုင်

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

(​နေပြည်​တော်ကိုလာ​ရောက်ခဲ့တဲ့ အ​မေရိကန်အရာရှိ​​တွေစီးနင်းလာတဲ့​​လေယာဥ် ​နေပြည်​တော်​လေဆိပ်မှာ​တွေ့ရစဥ်/ ကက်စ်တီလို နဲ့ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်)

People’s Spring

ရှားပါတဲ့ အခြေအနေအဖြစ် အခုသီတင်းပတ်ထဲမှာ နေပြည်တော်ကို အမေရိကန် အစိုးရအရာရှိတွေ ရောက်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဇွန်လကတည်းက မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ရဲ့ လွတ်မြောက်ရေး အတွက်ပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့် ပုဂ္ဂိုလ်ရဲ့အဆိုအရ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာစက်တင်ဘာ ၁၅ ရက်နေ့တုန်းက နေပြည်တော်ကိုသွားပြီး အာဏာသိမ်းစစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုက၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတလျှောက် အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြားမှာ အရေးကြီးတဲ့ ထိတွေ့ဆက်ဆံမှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အဓမ္မဖြုတ်ချအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာပြည်တွင်းစစ်နဲ့ စီးပွားရေး ပျက်သုဉ်းမှုတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်က တွေ့ဆုံမှု ရလဒ်အဖြစ် အမေရိကန် နိုင်ငံသားအဒမ်ကက်စ်တီလို ပြန်လွတ်လာခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါဝင်ခဲ့တယ်၊ မြန်မာဘက်က ဘယ်အရာရှိတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့သူက မပြောခဲ့ပါဘူး။

မြန်မာစစ်အာဏာပိုင်တွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရအောင် အားထုတ်မှုတွေကို ပိုပြီး အရှိန်မြှင့်လာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရွေးကောက်ပွဲအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ်တင်မြှောက်ပြီးနောက်ပိုင်းအဲဒီလိုအားထုတ်မှုတွေကပိုပြီး ထင်ရှားသိသာလာပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့အဲဒီ ရွေးကောက်ပွဲကိုအတုအယောင်တစ်ခုလို့တောက်လျှောက်ဝေဖန်ခဲ့ပါတယ်။တစ်ဖက်မှာတော့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တွေမှာ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် အထီးကျန်နေရတဲ့ အခြေအနေကို ကုစားဖို့ ရွေးကောက်ပွဲဟာအဖြေတစ်ခု ဖြစ်လာမယ်လို့ အတော်လေး မျှော်လင့်နေပုံပါပဲ။

ကက်စ်တီလို ဟာအမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။သူဟာမြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်မှာလုံခြုံရေးနဲ့ အန္တရာယ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

Reuters သတင်းဌာနရဲ့ဖော်ပြချက်အရကက်စ်တီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတုန်း ဝါရှင်တန်မှာလော်ဘီလုပ်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲခံရပါတယ်။

ဒါပေမယ့် သူ့ဖက်က ထောက်ခံ ရပ်တည်သူတွေကတော့ ဒီစကားတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။သူ့ကို ဖမ်းထားတာဟာလည်း မြန်မာ စီးပွားရေးသမားတစ်ယောက်နဲ့ဖြစ်နေတဲ့အငြင်းပွားမှုနဲ့သာ အဓိက ပတ်သက်တယ်လို့ သူတို့က ပြောပါတယ်။

သူ့ညီမဖြစ်တဲ့ အမန်ဒါကက်စ်တီလိုက အကျင့်ပျက် စီးပွားရေးသမားတွေက သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ်တွေကို ကာကွယ်ဖို့ သူ့အစ်ကိုကို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားခဲ့လို့ ကက်စ်တီလိုဟာ မြန်မာနိုင်ငံမှာ ၉၇ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာလို့ ပြောပါတယ်။ သူက ကက်စ်တီလို ပြန်လာနိုင်တာအတွက်ဝမ်းသာဝမ်းနည်း ခံစားရကြောင်း၊ ကက်စ်တီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာစေဖို့ အရမ်းမျှော်လင့်ခဲ့ပြီးကာလရှည်ကြာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ အပေါ်မှာလည်းလေးစားကြောင်းအမန်ဒါကဆိုပါတယ်။

ကက်စ်တီလို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကိုလည်းမိသားစုကကျေးဇူးတင်တဲ့အကြောင်း အမန်ဒါက ပြောကြားခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အမေရိကန် နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းထားပြီး Global Reach အဖွဲ့ကလည်း ကက်စ်တီလို လွတ်မြောက်ရေးအတွက် အတော်လေး ကြိုးစားပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ သူ့ရဲ့ အတွေ့အကြုံတွေအကြောင်းရေးထားတဲ့စာအုပ်အသစ်ကို မိတ်ဆက်ဖို့ မလေးရှားနိုင်ငံကို သွားခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ရန်ကုန်မှာ အဖမ်းခံခဲ့ရတာလို့ Global Reachက ပြောပါတယ်။

Global Reach ရဲ့အမှုဆောင်အရာရှိချုပ်မစ်ကီဘက်ဂ်မန်းကတော့ ကက်စ်တီလိုကို အိမ်ပြန်ခေါ်လာနိုင်ခဲ့လို့ အရမ်းဝမ်းသာကြောင်း၊ သူ့ရဲ့လွတ်မြောက်ရေးအတွက်ပူးပေါင်း ကူညီပေးခဲ့တဲ့ သမ္မတထရမ့်ရဲ့ အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကက်စ်တီလိုကို မိသားစုနဲ့ ပြန်ဆုံခွင့်ရအောင်လိုက်လျောပေးလို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်းလည်း သူကဆိုပါ​သေးတယ်။

စစ်တပ်ကတော့ကက်စ်တီလိုကိုပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကက်စ်တီလိုကို လွှတ်ပေးလိုက်တာဟာ မြန်မာနဲ့ အမေရိကန်ကြားကချစ်ကြည်ရင်းနှီးတဲ့နှစ်နိုင်ငံ ဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်ဖြစ်တယ်လို့လည်းစစ်တပ် ဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အရေးကြီးတဲ့ အချက်တစ်ခုက အမေရိကန်နဲ့ အနောက်နိုင်ငံအများစုဟာ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုမထားပါဘူး။

မြန်မာပြည်သူတွေချစ်ခင်လေးစားသူအသက်၈၁ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုထိ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရဆဲပါ။ပြီးတော့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှု နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း တိုက်ခိုက်နေရပါတယ်။

စစ်တပ်က စစ်ကြောင်းတွေ လွှတ်ပြီး ကျေးရွာတွေမှာ တိုက်ခိုက်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ အတိုက်အခံတွေကိုလည်း ထောင်ချနေသလို လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေကို စစ်တပ်ထဲ ဝင်ဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူနေပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့မြန်မာစစ်တပ်ဟာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့စွပ်စွဲထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU)တို့ကလည်း စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။နိုင်ငံတကာ မျက်နှာစာမှာ စစ်တပ်နဲ့ ဆက်နွှယ်သူတွေကို ထိတွေ့ဆက်ဆံမှု လျှော့ချဖို့လည်း အနောက်နိုင်ငံတွေက လိုလားလုပ်ဆောင်နေပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံအများစုဟာ မြန်မာနိုင်ငံမှာ တရားဝင် လုပ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထားတဲ့ သံအမတ်ကြီးတွေကို မထားကြတော့ပါဘူး။ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ စစ်ခေါင်းဆောင်တွေက အတော်လေးမခံချိမခံသာ ဖြစ်နေခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ဟာ နိုင်ငံရဲ့အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ အတွက်တော့ နေပြည်တော်ကအာဏာပိုင်တွေနဲ့ ပုံမှန်ဆက်သွယ်ဆွေးနွေးမှုတော့ ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီလို ဆက်သွယ်ဆွေးနွေးတဲ့အချိန်တိုင်းမှာလည်း အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်းနေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာအဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် အဲဒီလုပ်ငန်းစဉ်တွေကို မဖြစ်မနေ လိုအပ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ ကက်စ်တီလိုကို လွှတ်ပေးဖို့ အမေရိကန်နဲ့ ညှိနှိုင်းခဲ့တာကို မြန်မာစစ်တပ်ကတော့ သူတို့ဟာနိုင်ငံတကာနဲ့ ဆက်ဆံရေးပိုကောင်းလာ၊ ပိုခရီးရောက်လာပြီဆိုတဲ့ သဘောမျိုး ပုံဖော်ဖို့ အသုံးချလာနေကြောင်း လေ့လာသူတွေက ထောက်ပြထားပါတယ်။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)ရဲ့အာရှရေးရာ အကြီးတန်းအကြံပေးရစ်ချတ်ဟော်ဆေးက စစ်တပ်ဟာ ကက်စ်တီလိုကို လွှတ်ပေးလိုက် ကတည်းက တရားရေး လုပ်ငန်းစဉ် တစ်ခုလို့ ခေါင်းစဉ်မတပ်ဘဲ နှစ်နိုင်ငံကြား သံတမန်ရေး၊ ချစ်ကြည်ရေးအရ လွှတ်ပေးလိုက်တာပါလို့ ကြေညာခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ပြန်တည်ဆောက်ဖို့ မင်းအောင်လှိုင်က ထွန့်ထွန့်လူး ဆန္ဒရှိနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြထားကြောင်း၊ စီးပွားရေးကိစ္စ အငြင်းပွားမှု တစ်ခုကြောင့် ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား တစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ရလို့ သူ့အတွက် နစ်နာစရာ အထွေအထူး ဘာမှ မရှိကြောင်း၊ တစ်ဖက်မှာတော့ သူက ဒီကိစ္စကို အမေရိကန်နဲ့ ချစ်ကြည်ရင်းနှီးမှု ပြသတဲ့ ပုံရိပ်တစ်ခုအဖြစ် ဖန်တီးယူနေသလို အမေရိကန် အရာရှိတွေနဲ့ စကားပြောဖို့ အကြောင်းပြချက်လည်း ရသွားခဲ့ကြောင်း ဟော်ဆေးက ဆိုပါတယ်။

ရွေးကောက်ပွဲ ပြီးကတည်းက မင်းအောင်လှိုင်ဟာ နိုင်ငံတကာဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ သံတမန်ရေးအရ ကြိုးစားမှုတွေ ဆက်တိုက်လုပ်လာပါတယ်။ အထူးသဖြင့် အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာလည်း ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။

စစ်တပ်ခန့်သမ္မတ ရာထူးကို ရယူပြီးနောက်ပိုင်းမှာ မင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ လာအို၊ ထိုင်း၊ ကာဇက်စတန်နဲ့ ဘီလာရုစ်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်က သူဦးဆောင်တဲ့ အစုအဖွဲ့အပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုရလာစေဖို့၊ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အရမ်းလိုအပ်နေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတွေကို စုပြီး အဲဒီနိုင်ငံတွေက မင်းအောင်လှိုင်ကို အသိအမှတ် ပြုနေပါတယ်ဆိုတဲ့ ဇာတ်ကြောင်းမျိုးကို နေပြည်တော်ဖက်က ဖန်တီးနေကြောင်း၊ ဒါပေမဲ့ အဲဒီလို ဓာတ်ပုံမျိုး ရိုက်ခွင့်ရဖို့ တစ်ဖက်ကဘာတွေတောင်းဆိုမလဲ ဆိုတာကိုလည်းတွေးဖို့လိုကြောင်း ဟော်ဆေးက ပြောပါတယ်။

အမေရိကန်ဘက်ကလည်း မကြာသေးမီနှစ်တွေအတွင်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု တချို့ကို လျှော့ပေါ့ပေးလာပုံ ပေါ်ပါတယ်။ မနှစ်က ဇူလိုင်လမှာ အမေရိကန်ဟာ မြန်မာစစ်အာဏာပိုင်တွေရဲ့ မဟာမိတ်တွေနဲ့ သူတို့ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အမေရိကန် အစိုးရရဲ့ လိုက်လျောမှုဟာ မြန်မာစစ်တပ်ကိုရော၊ ကြံရာပါတွေကို ပိုပြီး အတင့်ရဲလာစေမယ့် အံ့ဩစိတ်ပျက်စရာ အပြောင်းအလဲမျိုးလို့ ဝေဖန်ခဲ့ပါတယ်။ နာမည်ပျက် စာရင်းထဲက ဖယ်ရှားပေးလိုက်တဲ့ ကုမ္ပဏီတွေထဲမှာလက်နက်အရောင်းအဝယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ အန်ဒရူးစ်က ​ပြောခဲ့ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ထရမ့်ရဲ့ အစိုးရဟာ မြန်မာနိုင်ငံသားတွေရဲ့ အမေရိကန်မှာ တရားဝင် ခိုလှုံနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်ငြိမ်တိုးတက်လာပြီး ရွေးကောက်ပွဲလည်း ကျင်းပတော့မှာမို့ အမေရိကန်ရောက် မြန်မာတွေ နေရပ်ဆီ ဘေးကင်းကင်းနဲ့ ပြန်လို့ရပြီလို့ ယူဆကြောင်း အမေရိကန်က အကြောင်းပြချက် ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်က စိတ်တိုင်းကျ တစ်ဖက်သတ် ခြယ်လှယ် ကျင်းပတဲ့ ရွေးကောက်ပွဲကို တိုးတက်မှု တစ်ခုအဖြစ်အမေရိကန်ကရည်ညွှန်းခဲ့ပါတယ်။

တစ်ဖက်မှာတော့ မင်းအောင်လှိုင်က မြန်မာအပေါ် သွင်းကုန်အခွန် တိုးကောက်မယ့် အမေရိကန်အစိုးရရဲ့အကြောင်းကြားစာကိုတောင် ဖားယားပြီးအကောင်းမြင်တဲ့ သဘောမျိုးနဲ့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီစာဟာ အမေရိကန် စီးပွားရေးရဲ့ ထူးခြားတဲ့ အခွင့်အလမ်းတွေမှာ ဆက်လက် ပါဝင်ဖို့ တွန်းအားပေးတဲ့ ဖိတ်ခေါ်မှုလို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို လျှော့ချပေးဖို့၊ ရုပ်သိမ်းပေးဖို့လည်း မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ပါ​သေးတယ်။ ။

(CNN၏ US officials make rare trip to Myanmar to free former marine as isolated regime seeks greater recognition ဆောင်းပါးကို People’s Springကဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။