ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။
ကမ္ဘာ့မြောက်ဖျား၊ အာတိတ်စက်ဝိုင်းနဲ့ ဆက်စပ်တည်ရှိပြီး အစိတ်အပိုင်း အများစု ရေခဲတွေ ဖုံးလွှမ်းနေတဲ့ ကျွန်းကြီးကို အမေရိကန်က ပိုင်နက်နယ်မြေအဖြစ် သိမ်းသွင်းနိုင်တယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့တဲ့နောက် အမေရိကန်နဲ့ NATO အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ကြား တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အဲဒီပြဿနာအတွက် အကျေအလည် ညှိနှိုင်းနိုင်ခဲ့ပြီ ဆိုတာကို နှစ်ဖက် ခေါင်းဆောင်တွေက အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ်မှာ ထရမ့်က ရေးသားထားရာမှာတော့ အခု သဘောတူညီမှုအတွက် အမေရိကန်က တစ်ပြားတစ်ချပ်မှ ထပ်ပေးစရာ မလိုကြောင်း၊ ပြီးတော့ ဂရင်းလန်ရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေအတွက် အမေရိကန်က အမြဲတမ်း ထိန်းချုပ်ပိုင်ခွင့် ရလာမှာဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။

Public Service Announcement
ဒိန်းမတ် ဝန်ကြီးချုပ် မက်တေး ဖရိုင်းဒရစ်ဆန်က အာတိတ်နဲ့ မြောက်အတ္တလန္တိတ်ဒေသ လုံခြုံရေးကို မြှင့်တင်မယ့် သဘောတူညီမှုတစ်ခု အမေရိကန်နဲ့ ရယူနိုင်ခဲ့တယ်လို့ ပြောပေမယ့် လူမှုကွန်ရက်ပေါ် ထရမ့်ရေးသားထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ အသေးစိတ် မှတ်ချက် ပေးမသွားခဲ့ပါဘူး။
ရရှိလာတဲ့ သဘောတူညီမှု အသစ်ကိုတော့ လာမယ့် သီတင်းပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNAG)မှာ လက်မှတ် ရေးထိုးမယ်လို့လည်း ဖရိုင်းဒရစ်ဆန်က အတည်ပြုခဲ့ပါတယ်။
အစောပိုင်းတုန်းက ထရမ့်က ဂရင်းလန်ကို အမေရိကန်ကသာ မထိန်းချုပ်ရင် ရုရှားနဲ့ တရုတ်တို့က တစ်ချိန်ချိန်မှာ သိမ်းယူသွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အခု သဘောတူညီမှုမှာတော့ အမေရိကန်ရဲ့ ဘယ်ပြိုင်ဘက်မှ ဂရင်းလန်မှာ စစ်တပ် အခြေစိုက်ခွင့်၊ မဟာဗျူဟာအရ ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံခွင့်တွေ မရစေရဘူးလို့လည်း ဒိန်းမတ်က အာမခံခဲ့ကြောင်း သိရပါတယ်။
ဒိန်းမတ် ဝန်ကြီးချုပ်ကတော့ အခုသဘောတူညီမှုဟာ အာတိတ်နဲ့ မြောက်အတ္တလန္တိတ် ဒေသရဲ့ လုံခြုံရေး အခင်းအကျင်းတွေမှာ ပိုပြီး အားကောင်းလာစေမှာ ဖြစ်သလို တစ်ဖက်မှာလည်း ဂရင်းလန်အပေါ် ဒိန်းမတ်ရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ ဂရင်းလန် ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်တွေကို ပိုမို ခိုင်မာလာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီမှုကို တရားဝင် ဖြစ်စေဖို့ လွှတ်တော် အတည်ပြုမှု လုပ်ထုံးလုပ်နည်းတွေကိုတော့ ဖြတ်သန်းရဦးမယ်လို့ သူက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ ဒီကိစ္စကို သမိုင်းဝင် သဘောတူညီမှု တစ်ခုလို့ ညွှန်းဆိုခဲ့ပြီး အမေရိကန် နိုင်ငံနဲ့ အမေရိကန် ပြည်သူတွေအတွက် ကြီးမားတဲ့ အသာရမှု တစ်ခုလို့လည်း ပြောဆိုသွားပါတယ်။
ဒီသဘောတူညီမှုကြောင့်ပဲ အမေရိကန်ဟာ ဂရင်းလန်နဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု အားလုံးကို အပြီးတိုင် ဖယ်ရှားပစ်လိုက်နိုင်ကြောင်းလည်း ရူဘီရိုက ဆက်ပြောပါတယ်။ သဘောတူညီမှု အကြောင်းကို နှစ်ဖက်အစိုးရတွေက အသီးသီး ကြေညာပေမယ့် စာသားနဲ့ ရေးသားထားတဲ့ အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
ဒိန်းမတ် အစိုးရရဲ့ အမည်မဖော်လိုတဲ့ အရာရှိ တစ်ဦးကတော့ တကယ်လို့ နောင်တစ်ချိန်မှာ ဂရင်းလန်ဟာ ဒိန်းမတ်ရဲ့ လက်အောက်ခံ နယ်မြေအဖြစ်ကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံ အနေနဲ့ ရပ်တည်မယ် ဆိုရင်တောင် အခုသဘောတူညီမှုက ဆက်လက် အကျုံးဝင်နေမယ်လို့ မှတ်ချက်ပေးသွားပါတယ်။
ပြီးတော့ အမေရိကန်ဟာ လိုအပ်တယ်လို့ထင်ရင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဂရင်းလန်နဲ့ ဒိန်းမတ် အစိုးရတွေရဲ့ ခွင့်ပြုချက်ကို ယူစရာ မလိုဘဲ ကိုယ့်သဘောနဲ့ကိုယ် ချဲ့ထွင် တည်ဆောက်ခွင့်လည်း ရလာမယ်လို့ သိရပါတယ်။ ပြီးတော့ အမြဲတမ်း အခြေချ တပ်စွဲခွင့်၊ တပ်တွေ ဖြတ်သန်းခွင့်နဲ့ ဝေဟင်ပိုင်နက် အသုံးပြုခွင့်တွေကိုလည်း အမေရိကန်က ရရှိလာမှာပါ။ ဒါ့အပြင် NATO အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေရဲ့ စစ်တပ် ဖြန့်ကျက်မှု မှန်သမျှကို တားမြစ်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်တယ်လို့ ယုံကြည်ရတဲ့ ရင်းနှီးမြှုပ်နှံမှု မှန်သမျှကိုလည်း ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
ကိုးကား: BBC



















































