စက်တင်ဘာ-၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်ကိုရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့သင်္ဘောတွေ လုံခြုံရေးနဲ့ မြစ်ကြောင်းလုံခြုံရေး မြေပြင်စစ်ကြောင်းတွေအတွက် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်းရာချီ ပြုလုပ်ခဲ့ရာဖျက်အားပြင်းဗုံးတွေ အပါအဝင်ဗုံးအလုံးရေထောင်ချီကြဲချခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုရဲ့ သင်္ဘောတွေကချင်ပြည်နယ်ကို စတင်ဝင်ရောက်တဲ့ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိသုံးပတ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။ အဲဒီကာလအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့အကြိမ်ပေါင်းရာချီ ဗုံးကြဲတဲ့အပြင် Y12 လေယာဉ်တွေကိုလည်းသုံးပြီး ဗုံးကြဲခဲ့ပါတယ်။
“ကသာနဲ့ ဗန်းမော်အဲဒီစစ်ဆင်ရေးအတွင်းက ဒေတာ အချို့ဖြစ်ပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ် သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ ကသာကနေ ကချင်ပြည်နယ်၊ ရွှေကူကို ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်တဲ့ သင်္ဘောတွေ၊ ဗန်းမော်ကနေ ရွှေကူကို စုန်ဆင်းတဲ့ သင်္ဘောတွေကို ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံနဲ့ စင်းခန်းတံတာား ဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော အစီးရေ စုစုပေါင်း ၂၀စီး ဝန်းကျင် ထိခိုက်ပျက်စီးနစ်မြုပ် မီးခဲ့ပါတယ်။
သင်္ဘောတွေထွက်ခွာရာ လမ်းတလျှောက် စစ်တပ်လေယာဉ်တွေ ကင်းထောက်တာ ဗုံးကြဲတာတွေလုပ်ခဲ့သလို ဇင်းဘုံနဲ့ စင်းခန်းဒေသ မြေပြင်တိုက်ပွဲတွေပြင်းထန်ခဲ့စဥ်မှာလည်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် အထိနာတဲ့ စစ်အုပ်စုဟာ ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်တဲ့ ရွာအချို့ရှိခဲ့ပါတယ်။
“ပေါင် ၁၀၀၀၊ ပေါင် ၅၀၀၊ ကလက်စတာဗုံး၊ Y12 က ချတာ ၁၂၀ မမ၊ ၈၁ မမ အသီးတွေ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က စစ်တပ်ရဲ့ တိုက်လေယာဉ် ၊ လေယာဉ်တွေက ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးအမျိုးအစားတွေကို ပြောပါတယ်။
စစ်တပ်ကအဲဒီလိုလေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ပေမဲ့ရေကြောင်းအင်အားဖြည့်တင်းမှုနဲ့ မြေပြင်တိုက်ပွဲတွေကို ထိရောက်အောင် ကူညီပေးနိုင်ခြင်းမရှိပါဘူး ။ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်သင်္ဘောတွေ ပျက်စီးမှု စံချိန်တင်များခဲ့သလို မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်ကြောင်းတွေ ပျက်၊ တပ်ပြန်ဆုတ်ရတဲ့ အနေအထားဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားအချို့ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေ အနေနဲ့ လေကြောင်း တိုက်ခိုက်မှု တိုက်ရိုက်ထိမှန်တာမှ အပ စစ်တပ် လေကြောင်းရန်ကို ဘေးကင်းအောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာ နားလည်ထားတဲ့ သဘောဖြစ်တာကြောင့် စစ်တပ် သင်္ဘောတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။



















































