နေ့သစ်/People’s Spring
ဒီကနေ့ မနက်မလင်းခင်ကတည်းက မြန်မာတစ်နိုင်ငံလုံး တောရောမြို့ပါမကျန် ပြည်သူတွေဟာ TV ရှေ့ထိုင်ဖို့ တပြင်ပြင် ဖြစ်နေကြပါပြီ။ ဘယ်လိုင်းကလွှင့်လို့လွှင့်မယ်မှန်းမသိကြတဲ့ ပြည်သူတွေဟာ Youtube ကနေ ပွဲအဟောင်းကြီးတွေ ဖွင့်မိလိုဖွင့်မိ၊ အသိတွေဆီ ဖုန်းဆက်မေးလိုမေးနဲ့ ဗျာများရပါပြီ။ ဗန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် TV ကနေ အားပေးဖို့ ပြင်ဆင်နေကြတာပါ။
စျေးထဲရောက်နေသူတွေလည်း TV နဲ့ပြမယ့် လက်ဖက်ရည်ဆိုင်တွေဆီ ပြေးကြတယ်။ တောထဲတောင်ထဲ ရောက်နေသူတွေလည်း ဖုန်းထဲကနေ ကြည့်ဖို့ လိုင်းကောင်းမယ့်နေရာ ရှာကြတယ်။
မန္တလေးမြို့မှာဆိုရင်TVတပ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေ အကုန်နီးပါး ဗန် ရဲ့ ပွဲကို ပြသပေးခဲ့ကြပါတယ်။ စျေးတွေ၊ ရှော့ပင်းမောတွေမှာ လူတွေလုံးဝမရှိတော့တဲ့အထိ ခြောက်ကပ်သွားခဲ့ပြီး ပြည်သူတွေဟာ TV တွေရှေ့ စုပြုံသွားခဲ့ကြပါတယ်။

Public Service Announcement
အားပေးကြတဲ့ပရိသတ်ဟာ ဆိုင်ထဲတင်မကဘဲ ဆိုင်အပြင်ဘက်ထိပါလျှံထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။လမ်းသွားလမ်းလာ ယာဥ်တွေပေါ်ကပါလှမ်းကြည့်ကြတာကြောင့် ယာဥ်ကြောတွေပါပိတ်ဆို့ကုန်တဲ့အထိ စိတ်ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။
ကလောမြို့လယ် နာရီစင်အနီးမှာဆိုရင် မြို့သူမြို့သားတွေဟာ LED ဘုတ်ကနေ ပြတဲ့ ဗန် ရဲ့ပွဲကို ကားတွေဆိုင်ကယ်တွေ ရပ်တန့်ပြီး ယာဥ်တွေပေါ်ကာ ဆင်းကာ မြေပေါ်ငုတ်တုပ်ထိုင် အားပေးခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်းကတော်လှန်ရေးရဲဘော်တွေလည်းဖုန်းကနေတဆင့် စုပေါင်းကြည့်ပြီး စိတ်လှုပ်ရှားစွာအားပေးကြတယ် ။
ဗန် ချုပ်ခံထားရချိန် ပြည်သူတွေဟာ စက္ကန့်ပါ အော်ဟစ်ရေတွက်ခဲ့ကြကာ ဗန်ရုန်းထွက်သွားချိန်မှာတော့ ပြည်သူတွေ ဟေးခနဲအော်ခဲ့ကြတယ်။ဗန်ရဲ့ထိုးချက်တွေတိုင်းမှာပရိတ်သတ်တွေဟာ အားတွေပါလာပြီး လက်နှစ်ဖက်လုံးခုန်မြှောက်တာ၊လက်သီးလက်မောင်းတန်းတာ၊ လက်ခုပ်လက်ဝါးတီးတာတွေပါ ပြုလုပ်ကာ ဗန်ကို အားပေးခဲ့ကြတာပါ။
လူတွေတင်မကပါဘူး။ ရဟန်းသံဃာတော်တွေလည်း ဆွမ်းခံချိန်နဲ့ တိုက်ဆိုင်တာမို့ သပိတ်ဘေးချထားပြီး ဆွမ်းခံမသွားတော့ဘဲ ကျောင်းတိုက်မှာတင် အားပေးခဲ့ကြပါတယ်။ ကျေးရွာတစ်ရွာက အဒေါ်ကြီးနှစ်ယောက်ဆိုရင် ဗန်နိုင်သွားလို့ ဝမ်းသာအားရ လမ်းပေါ်ပြေးအော်ခဲ့ကြတယ်။ အဒေါ်ကြီးတစ်ယောက်ကတော့ ကျွမ်းပါထိုးပစ်ခဲ့သေးတာ။
မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်တလော သူတို့ခံစားနေရတဲ့ အာဏာရှင်ပေးတဲ့ ဒုက္ခတွေ၊ လေကြောင်းတိုက်ခိုက်မှူတွေ၊ နေအိမ်မီးလောင်ပြာကျထားတာတွေ၊ ဖမ်းဆီးခံထားရတာတွေ၊ စစ်မှုထမ်းတွေ စတဲ့ သောကတွေမှန်သမျှ ခေတ္တခဏမေ့ပျောက်သွားတဲ့အထိ ဗန်ကို အားပေးခဲ့ကြပါတယ်။ .
ဗန်ကလည်း မြန်မာပြည်သူတွေကို ဂုဏ်ယူရအောင် အစွမ်းပြခဲ့ပါတယ် ။ UFC ဖလိုင်းဝိတ်တန်းရဲ့ ဂန္တဝင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ဗန်က ပွဲစဥ်တလျှောက်လုံး အသာစီးကစားနိုင်ခဲ့ပါတယ် ။
ပွဲစကတည်းက ချုပ်ကွက်နဲ့ အနိုင်ယူဖို့ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အကောင်းဆုံးခုခံပြီး ပန်တိုဂျာကျွမ်းကျင်လှပါတယ်ဆိုတဲ့နောက်ကျောကနေ ချုပ်ခွင့်မသာအောင်ဗန်က ပါးပါးနပ်နပ်ခုခံခဲ့ပါတယ် ။ Stand Fight လို့ခေါ်တဲ့ မတ်တပ်ရပ်ပြီး ထိုးသတ်တာမှာတော့ဗန်က အကြိမ်တိုင်အသာစီးက ကစားနိုင်ခဲ့ပါတယ် ။
ဗန် နဲ့ ပန်တိုဂျာတို့ရဲ့ငါးချီပြည့်အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့မကျေပွဲဟာ UFC 331 ရဲ့ အကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆုကြေး ဒေါ်လာတစ်သိန်းစီဆွတ်ခူးခဲ့ပါတယ်။
ဗန်ဟာ ဒီပွဲအတွက် ထိုးသတ်ကြေး ဒေါ်လာ ၅ သိန်းရပါတယ် ။ဒါကြောင့် ထိုးသတ်ကြေးနဲ့ ဆုကြေးတင်ပဲ ဒေါ်လာ ခြောက်သိန်းရခဲ့ပါတယ် ။ မြန်မာငွေနဲ့ဆို ကျပ်သိန်း(၂၅၀၀၀ ) ဝန်းကျင်ရတာဖြစ်ပါတယ် ။
အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံဟောင်း ပန်တိုဂျာရဲ့ ဦးခေါင်းပိုင်းထိအောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာကတော့ ဦးခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရှိခဲ့ပါတယ် ။စုစုပေါင်း ဗန်က ၁၈၁ ကြိမ်ထိရောက်အောင်ထိုးနိုင်ခဲ့ပါတယ်။ ပန်တိုဂျာကတော့ ၁၄၇ ကြိမ်ပဲ ထိရောက်အောင်ထိုးနိုင်တာပါ။
ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်ကအကောင်းဆုံးခုခံပြီးဘောက်ဆင်စွမ်းရည်ဘယ်လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်းပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။
နောက်ဆုံးအချီမှာ ဗန်က ပန်တိုဂျာကို လဲကျအောင်ထိုးနိုင်ခဲ့သလို ချုပ်ကွက်နဲ့ပါ ပွဲသိမ်းဖို့ ဗန်ကကြိုးစားပြလိုက်သေးပါတယ်။
ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်ပေးခဲ့တာပါ ။ဒီနိုင်ပွဲကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင် ၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။
အသက် ၂၄ နှစ်မှာပဲ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာတာမို့ UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံး၊အာရှတိုက်ဖွားတွေထဲပထမဆုံးချန်ပီယံဆိုတဲ့မှတ်တမ်းတွေကိုစိုက်ထူထားပါတယ် ။ဒါ့အပြင် ပန်တိုဂျာနဲ့မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန်မှာ ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ UFC ဖလိုင်းဝိတ်တန်းမှာ အများဆုံးဆိုတဲ့မှတ်တမ်း ကိုပါစိုက်ထူလိုက်ပါတယ် ။
ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံကောင်းလို့အနိုင်ရခဲ့တာလို့ ဝေဖန်မှုတွေကိုသက်သေပြနိုင်ခဲ့ပြီလို့ပြောပါတယ် ။
“ပထမပွဲတုန်းကတော့ ကျွန်တော်မတော်တဆအနိုင်ရခဲ့တာလို့ လူတော်တော်များများပြောကြတယ် ။အခုရော သံသယဝင်ကြပါဦး” လို့ပြောခဲ့ပါတယ် ။
ပန်တိုဂျာကိုလည်း လေးစားအသိအမှတ်ပြုတယ်လိုဗန်ကပြောခဲ့ပါတယ် ။”သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့ပြောတာပါ ။
စစ်တပ်အာဏာသိမ်းမှုကြောင့် ပျော်ရွှင် ဂုဏ်ယူစရာ အခိုက်အတန့်တွေရှားပါးလှပြီး အထွေထွေအကြပ်အတည်းအောက်မှာနေရတဲ့မြန်မာပြည်သူတွေအတွက်စက်တင်ဘာ ၂၀ က ချင်းတိုင်းရင်းသား ဗန်ကြောင့် ပျော်ရွှင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ် ။
ဗန်ကလည်း မြန်မာပြည်ကပရိတ်သတ်တွေကို အားပေးကြတဲ့အတွက် ကျေးဇူတင်ကြောင်း အမှတ်တရသတင်းစကားပါးထားပါတယ် ။



















































