စက်တင်ဘာ ၂၇၊၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်အတွင်းမှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဥ်းသားတွေကိုစစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ သီးခြားခွဲထုတ်တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)က ခြိမ်းခြောက်ဖိနှိပ်တာတွေ အကွက်ကျကျ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အိုးဘိုထောင်အာဏာပိုင်တွေဟာ မသင်္ကာမှုနဲ့ ထိန်းသိမ်းထားတဲ့ မန္တလေးမြို့က “ကျားပေါက်” ဆိုသူကို ထောင်အလုပ်ရုံမှာ နေရာပေးပြီး ထောင်တွင်း အုပ်ချုပ်ရေးနဲ့စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချနေကြောင်း၊ အဲဒီ ကျားပေါက်ဦးဆောင်တဲ့ အုပ်စုဟာ အကျဉ်းသားတွေဆီသွားပြီး စစ်မှုထမ်းပါက ပြစ်ဒဏ်လျှော့ရက် ရရှိမယ်ဆိုကာ မက်လုံးပေး လိုက်လံစည်းရုံးနေကြောင်း PPNMက အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို စစ်အာဏာပိုင်တွေအတွက် တာဝန်ပြန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိ/မရှိ စာရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ စစ်မှုထမ်းဖို့ သဘောမတူသူတွေကို မူလအဆောင်တွေကို ပြန်လည်ပို့ဆောင်ပြီး၊ သဘောတူညီသူတွေကိုတော့ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်ဖို့အတွက် ယာယီဆောင် (၂)မှာ သီးခြားခွဲထုတ်ထားကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
ဖြစ်စဉ်များအနက် စစ်ဆေးအရေးယူမှုအပြင် စစ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အကြမ်းဖက်မှူတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂)တို့နဲ့ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် အကျဉ်းသားအချို့ကို အကျရုံးသို့ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးစဉ် စရဖ တာဝန်ရှိသူတစ်ဦးက “သဘောမတူလည်း လွတ်ရက်စေ့ရင် လာခေါ်မှာပဲ”လို့ ပြောဆိုကာ လွတ်မြောက်ပြီးနောက် ပြန်လည်ဖမ်းဆီးမှာဖြစ်ကြောင်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။
အလားတူ စစ်တပ်က အင်အား မလုံလောက်မှုကြောင့် အိုးဘိုထောင်ရှိ ထောင်ဝန်ထမ်းတွေကိုပါအလှည့်ကျ စစ်မြေပြင်သို့ လိုက်ပါစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“၂၀၂၆ ထဲမှာမှ ဒီကိစ္စ(စစ်မှုထမ်းကိစ္စ)ကို ကြားတာဖြစ်တယ်။ အဲဒါကြောင့် ဒီနေ့ အတည်ပြုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ၇ လပိုင်းလကုန် ၈ လပိုင်းလောက်ကတည်းက ကြားတာဖြစ်ပြီးတော့ ကျနော်တို့ ဒီဟာကို အတည်ပြုစုံစမ်းရင်းနဲ့မှ ဒီနေ့မှ ထုတ်ပြန်ဖြစ်တာ ဖြစ်ပါတယ်။ အခုက စစ်မှုထမ်းဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နိုင်ကျဥ်းတွေရော၊ အခြားအကျဥ်းသားတွေရော စစ်မှုထမ်းထဲကို မထည့်သေးပါဘူး”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ အခြားရာဇဝတ်ပြစ်မှုနဲ့ ထိန်းသိမ်းခံရသူတွေကို အာဏာပေးပြီး အကျဉ်းသားအချင်းချင်း ဖိနှိပ်ခိုင်းခြင်းဟာ ကုလသမဂ္ဂ အကျဉ်းသားများ ဆက်ဆံရေးဆိုင်ရာ စံသတ်မှတ်ချက် (Nelson Mandela Rules – Rule 40) ပါ “မည်သည့် အကျဉ်းသားကိုမျှ ထောင်တွင်း စည်းကမ်းထိန်းသိမ်းခွင့် အာဏာ မလွှဲအပ်ရ” ဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း PPNMက ထောက်ပြပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ဖိအားပေးတာ၊ စရဖရဲ့ ခြိမ်းခြောက်မှုတွေဟာ စစ်အုပ်စုနဲ့ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေဖြစ်ကြောင်း၊ PPNM အနေနဲ့ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပြီး အဆိုပါ ကျူးလွန်မှုတွေကို ဆက်လက် စောင့်ကြည့် မှတ်တမ်းတင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


















































