Connect with us

Hi, what are you looking for?

ဆောင်းပါး

ပညာ​ရေးခါးဆက်ပြတ်ခဲ့ရတဲ့ စစ်ရှောင်က​လေး​တွေ

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

(ကရင်ပြည်နယ်မှာ စစ်​ရှောင်မိသားစုတချို့ကို​တွေ့ရစဥ် ။စစ်​ရှောင်က​လေးငယ်​တွေမှာ လုံခြုံ​ရေး ၊စားဝတ်​နေ​ရေး စတာ​တွေ​ကြောင့်ပညာသင်ကြားဖို့ ခက်ခဲ​နေကြပါတယ်။ ဓါတ်ပုံ-KHRG )

ဇွန်ပွင့်​ ရေးသားသည်။

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

ဖြိုးကျော်ရဲ့လက်တွေဟာအုတ်ခဲထမ်း၊ ဘိလပ်မြေဖျော်ရတာကြောင့် ကြမ်းတမ်းနေသလို နေပူထဲ ချွေးတွေစိုနေတဲ့ သူ့အင်္ကျီပေါ်မှာ အုတ်ခဲအမှုန့်နဲ့ ဘိလပ်မြေမှုန့်တွေ ကပ်နေပြီး၊ ခြေထောက်တွေကလည်း ဖုန်မှုန့်တွေနဲ့ ညစ်ထေးလို့နေပါတယ်။

ပဲခူးတိုင်း၊အုတ်ဖိုဇာတီ သူတို့မိသားစုဟာမြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်တာလေးနှစ်ကျော်လို့ ငါးနှစ်ထဲရောက်နေပါပြီ။စစ်ပွဲတွေကြောင့်နေရပ်ကို မစွန့်ခွာခင်တုန်းက ၇ တန်းအထိကျောင်းနေခဲ့တဲ့ ဖြိုးကျော်ဟာ စစ်ရှာင်စခန်းမှာ နေထိုင်တဲ့ လေးနှစ် အတွင်း တိုက်ပွဲတွေကြောင့်​နေရာနှစ်ကြိမ်​ပြောင်းခဲ့ရပြီး ရှစ်တန်းတစ်နှစ်သာကျောင်းတက်ခွင့်ရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖခင်ဖြစ်သူ စခန်း အနီးအနားက စိုက်ပျိုးရေး လုပ်ခန်းခွင်တစ်ခုမှာ နေ့စားလိုက်လုပ်ရင်းလယ်ထွန်စက်ပေါ်က ပြုတ်ကျပြီး ပေါင်အဆစ်ပြုတ်သွားတဲ့ အချိန်မှာတော့ မိသားစုစားဝတ်နေရေးက သားဖြစ်သူဖြိုးကျော်ရဲ့ ပခုံးပေါ်ကို ရောက်လာခဲ့ပါတယ်။

“ညီလေးတို့မှာ စီးပွားရေးက အဆင်မပြေဘူး၊ ကျပ်တယ်။ ညီလေးတစ်ယောက်ပဲ အလုပ်လုပ်မယ့်လူရှိတော့တာလေ။အဖေက ခြေထောက်မကောင်း အမေကလည်း အသက်ကြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး၊ အဖွားနဲ့ဆိုတော့ ကျောင်းက မထွက်လို့မရတော့ဘူး။ အဲဒါကြောင့်ထွက်လိုက်ရတာ” လို့ ဖြိုးကျော်က ​ပြော ပါတယ်။

အသက် ၇၀အရွယ် အဖွား၊ အာရုံကြော ရောဂါရှိတဲ့ အမေနဲ့ ပေါင်ဆစ်ရိုး ပြုတ်ပြီး အိပ်ယာထဲလဲ နေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေကျွေးမွေးဖို့အတွက် ဖြိုးကျော်ဟာ စာသင်ခန်းကိုကျောခိုင်းပြီး လုပ်ငန်းခွင်ထဲကို ဝင်ရောက်ခဲ့ရပါတယ်။

UNICEF ရဲ့ ၂၀၂၆ ခုနှစ်အတွက်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအစီရင်ခံစာ(Humanitarian Situation Report )အရကလေးငယ်၃.၅သန်းခန့် (ကလေးဦးရေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး) ဟာ ကျောင်းပြင်ပကို ရောက်ရှိနေပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေရပြီး ပြင်းထန်တဲ့ ချိုးဖောက်မှု၊ အလွဲသုံးစားပြုခံရနိုင်ခြေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၁၅ ကနေ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာပညာသင်ကြားခွင့်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ကာလရှည်ပဋိပက္ခတွေကြောင့်ကလေးငယ်တွေဟာမကြာခဏ နေရပ်စွန့်ခွာ စစ်ရှောင်ကြရပြီး စာသင်ခန်းကို ကျောခိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတယ်လို့ ပညာရေး ကျွမ်းကျင်သူတွေက ​ပြောပါတယ်။

ပညာရေးတစ်ပိုင်းတစ်စနဲ့ စာသင်ခန်းကို စွန့်ခွာသွားတာဟာ ကလေးတွေရဲ့ အနာဂါတ် အတွက် စိုးရိမ်စရာ အခြေအနေလို့ CDM ကျောင်းအုပ်ဆရာမတစ်ဦး ဖြစ်တဲ့ ဆရာမပန်းအိကိုကို ကပြောပါတယ်။

“အတန်းပညာလည်း ကောင်းကောင်း မသင်ရ၊ ပညာအရည်အချင်းလဲမရှိတော့ကလေးတွေဟာ အောက်ခြေအလုပ်တွေမှာပဲ လုပ်ကိုင်ရင်း ရှေ့ဆက်နေရတယ်။ ဒါဟာ အညွန့်လူလူတက်မယ့် သူတို့ရဲ့ အနာဂတ်တွေကို စိုးရိမ်စရာဖြစ်အောင် ဆုတ်ယုတ်သွားစေတယ်”လို့ သူက​ပြောပါတယ်။

●အရွယ်မတိုင်ခင်လုပ်ငန်းခွင်ထဲကိုရောက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အမျိုးသားအဆင့် စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ . ၁၂၅ သန်းလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေအနေ​တွေက ပိုဆိုးလာပါတယ်။

“ကလေးတွေက အသက် ၁၃၊ ၁၄ နှစ်အရွယ်လောက်ရောက်တာနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ကြတာများတယ်။ သူတို့ လုပ်ရတဲ့ အလုပ်တွေကတော့ အမျိုးမျိုးပဲ။ တချို့ ကလေးတွေဆိုရင် ပြောင်းစိုက်ကြတယ်၊ တချို့က ပန်းရံလုပ်တယ်၊ တချို့ကျတော့လည်း တရုတ်ဆိုဒ်(ကျားဖြန့်လုပ်ငန်း)တွေမှာ အလုပ်မျိုးစုံ ဝင်လုပ်ကြတာပေါ့။” လို့ မြဝတီမြို့တောင်ပိုင်းက စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ သက်ပိုင်က ပြောပါတယ်။

ကလေးတွေစာသင်ခန်းကိုကျောခိုင်းလိုက်ကြရတဲ့အဓိကအကြောင်းရင်းကတော့မိသားစု စားဝတ်နေရေးကြောင့်ဖြစ်ပြီး စစ်ဘေးရှောင်နေကြရတဲ့အခါ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ဆိုတာမျိုး မရှိကြတာမို့ ကလေးတွေလည်း မဖြစ်မနေ အလုပ်ဆင်းကြရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ကျောင်းတွေ မကြာခဏ ရပ်နားခဲ့ရပြီး အသက်အရွယ်နဲ့ အတန်းပညာ မမျှတော့ဘဲပညာရေး အဆက်ပြတ်သွားတာကလည်းကလေးတွေ စာသင်ခန်းကို စွန့်ခွာသွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို ဆရာမပန်းအိကိုကို က​ပြောပါတယ်။

“အသက်တွေက ကြီးလာပြီ၊ အတန်းပညာက နည်းသေးတယ်ဆိုတော့ ကလေးတွေမှာ ရှက်စိတ်နဲ့ သိမ်ငယ်စိတ်တွေ ဖြစ်လာတယ်။ ဒီကြားထဲ မိသားစု စားဝတ်နေရေးက ကြပ်တည်းတော့ စာသင်ခန်းကို စွန့်ခွာပြီး ပိုက်ဆံရှာဖို့ လုပ်ငန်းခွင်ထဲကို အစောပိုင်း ကတည်းက ဝင်သွားကြရတာ”လို့ သူကပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံမှာ က​လေးလုပ်သားအ​ခြေအ​နေ​ပြောင်းလဲလာပုံ (Trends in child labour in Myanmar) ၂၀၂၁-၂၀၂၄ လေ့လာမှုအရစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းထွက်နှုန်း မြင့်တက်လာပြီး ကလေးတွေဟာ ဆင်းရဲမွဲတေမှုနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ လူသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရတဲ့ပြသာနာလည်းရှိပါတယ်။ ဒါ့အပြင်ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ တရားမဝင်လုပ်ငန်းတွေလို အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ကလေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နေရတယ်လို့ဖော်ပြထားပါတယ်။

ဖြိုးကျော်ကတော့ သူတို့ စစ်ရှောင်စခန်းနားကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအထွေထွေလုပ်သား အနေနဲ့ အလုပ်ဝင်နေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ ဆိုပါတယ်။အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မနက် ၇ နာရီခွဲကနေ ညနေ ၅နာရီအထိ အုတ်သယ် ဘိလပ်မြေထမ်း၊ သံချောင်းထမ်း၊ ဘိလပ်မြေဖျော် စတဲ့ အလုပ်တွေကို လုပ်ကိုင်ရပြီး တစ်ရက်ကိုလုပ်အားခ အနည်းဆုံးဘတ် ၁၇၀ ( ၂၂၀၀၀ ကျပ်ဝန်းကျင်)ကနေအများဆုံး ဘတ် ၄၀၀ ( ၅၂၀၀၀ ကျပ်ဝန်းကျင်)အထိရဖူးတယ်လို့ ဖြိုးကျော်က​​ပြောပါတယ်။

သူတို့ နေထိုင်တဲ့ စခန်းအတွင်းကို လုပ်သားလိုအပ်တဲ့ အလုပ်ရှင်တွေက လာခေါ်တဲ့ အခါရှိသလို ကိုယ်တိုင် လုပ်ငန်းခွင်တွေကို သွားပြီး အလုပ်ရှာရတာမျိုးတွေရှိပြီး အလုပ်ကတော့ ပုံမှန်မရှိပါဘူး။လုပ်ငန်းခွင်ဝင်စမှာ မကျွမ်းကျင်တဲ့ အတွက် ခြေထောက်ကို သံစူးတာ၊ ပုလင်းကွဲ ရှတာနဲ့ လက်တွေ ပေါက်ပြဲတာတွေလဲ ရှိတယ်ပါတယ်။

လုပ်ငန်းခွင်ထဲ အလုပ်လုပ်ရင်း သူများတွေ ကျောင်းသွားတာ ကိုတွေ့ရင် စိတ်မကောင်းဖြစ်မိတယ်လို့ ဖြိုးကျော်ကရင်ဖွင့်ပါတယ်။

“သူများတွေကျောင်းလွယ်အိတ်တွေနဲ့ကျောင်းသွားတာ ကိုယ့်မျက်စိရှေ့က ဖြတ်သွားတာ မြင်ရင် ဝမ်းနည်းတာပေါ့။ ကိုယ်ကတော့ လမ်းဘေးမှာ အလုပ်လုပ်နေရတာလေ။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းသွားနေကြတာ မြင်ရင် အားငယ်မိတယ်။”

ဒါပေမယ့် ဘဝပေး အခြေအနေကြောင့် လုပ်ငန်းခွင်ကို ဝင်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ် ကို အားတင်းပြီး လုပ်ငန်းခွင်မှာ ကြိုးစားလုပ်ကိုင်နေတယ်လို့ သူကဆက်ပြောပါတယ်။လက်ရှိမှာတော့လုပ်ငန်းခွင်ထဲမှာ ဆေးသုတ်၊ပတ်တီးရိုက်တာတွေစတဲ့လုပ်ငန်းတွေကိုကျွမ်းကျင်လာအောင် လေ့လာနေပါတယ်။

​ကျောင်းသားငယ်​တွေ စာသင်ခန်းကို စွန့်ခွာသွားတဲ့စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ စာသင်ခန်းတွေ၊​ကျောင်း​တွေ ကို အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်​နေတာဖြစ်ပါတယ်။

Geneva Global Hub For Education For Emergencies က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဆိုင်ရာအကျပ်အတည်း( Myanmar’s Education Crisis) စာတမ်းမှာ၂၀၂၃ခုနှစ်ကနေ ၂၀၂၄ခုနှစ်အတွင်း စာသင်ကျောင်းတိုက်ခိုက်ခံရမှု ၂၁၇ကြိမ်ရှိတယ်လို့ ဖော်ပြထားပါတယ်။တိုက်ခိုက်မှု အများစုကတော့ လေကြောင်းကနေ ဗုံးကြဲခံရတာဖြစ်ပါတယ်။

“လက်ရှိပညာသင်ကြားမှုအခြေအနေကတော့ လေယာဉ်ပျံလာတာ၊လက်နက်ကြီးအသံ အနီးအဝေးလိုမျိုး စစ်ရေးအခြေအနေပေါ် မူတည်ပြီး သင်ကြားနေရတယ်။ လေယာဉ်ပျံ ဒရုန်း လာတဲ့ အခေါက်ရေများတယ်ဆိုရင်တော့ ကျောင်းကို ခဏ ပိတ်ထားရတယ်”လို့ ဆရာသက်ပိုင်က​ပြောပါတယ်။

တစ်ချို့ရက်တွေ မှာဆိုရင် မနက်တစ်ပိုင်းထဲမှာတင်လေယာဥ်ပျံနဲ့ ဒရုန်းလေးကြိမ်လောက် စာသင်ကျောင်း အနီးအနားမှာ ပျံသန်းသွားတာကြောင့် ကျောင်းပိတ်လိုက်ရတာမျိုး တွေ ရှိတယ်လို့ သူကဆက်​ပြောပါတယ်။

မြဝတီမြို့တောင်ဘက်က ဖလူး၊မင်းလက်ပံ၊​ဝေါ​လေစတဲ့​ဒေသ​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေပြီး စစ်တပ်ကမကြာခဏဗုံးကြဲပါတယ်။မြဝတီ​တောင်ဘက်အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတစ်ခုလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်တာ ကာလအတွင်း KNU ထိန်းချုပ်တဲ့ခရိုင် ၇ ခုလုံးမှာစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်စာသင်ကျောင်းပေါင်း ၃၄ကျောင်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

အဲဒီလိုကျောင်းတွေတိုက်ခိုက်ခံရတာကြောင့် ကျောင်းသား ကျောင်းသူနဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေဟာ လေကြောင်းကနေ ဗုံးကြဲခံရတာ၊ မောင်းသူမဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲခံရတာတွေကို မကြာခဏဆိုသလို ကြုံတွေ့နေရတာကြောင့် ဒေသခံ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

“ပြည်တွင်းမှာကမငြိမ်းချမ်းတော့ကျီးလန့်စာစားရသလို ဖြစ်နေတာ။ ဘယ်အချိန် လေယာဉ်လာမလဲ၊ ဘယ်အချိန် ဗုံးလာကြဲမလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ စာသင်နေရတာ။ မြေပြင်ကလာမလား၊ ဝေဟင်ကလာမလားဆိုပြီး ထိတ်ထိတ်လန့်လန့်နဲ့ စာသင်ပေးနေရပေမဲ့ပညာရေးမပြတ်အောင်တော့ကြိုးစားပြီးအကောင်အထည် ဖော်နေရတာပေါ့နော်”လို့ ဆရာမပန်းအိကိုကို က​ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့ အတွက် ပညာရေးကဏ္ဍကို လျစ်လျူရှုထားမယ်ဆိုရင်ကလေးတွေရဲ့အနာဂတ်နဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေပါ ဆုံးရှုံမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒါကြောင့် စစ်ပွဲနဲ့ ပဋိပက္ခ အခြေအနေတွေ ကြားက နည်းလမ်းမျိုးစုံနဲ့ ကလေးတွေကို ပညာသင်ခွင့် မဆုံးရှုံးအောင်၊ စာသင်ခန်းတွေထဲကို ပြန်ရောက်လာအောင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်း အသိီးသီး ပူးပေါင်းပြီး ပညာရေးကို မဖြစ်မနေ ပုံဖော်ပေးဖို့ လိုအပ်တယ်လို့ သူတိုက်တွန်းပါတယ်။

ကြားကာလ ဖယ်ဒရယ် ပညာရေးကောင်စီ( IFEC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာမိုးခါးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ပညာရေး အဆက်ပြတ်သွားတဲ့ ကျောင်းသားတွေနဲ့ ကလေးလုပ်သားတွေကို ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒအရ လမ်းကြောင်းနှစ်ခုနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ​ပြောပါတယ်။

ပညာရေးလမ်းကြောင်းအတိုင်း ဆက်ပြီးသင်ယူချင်တယ်ဆိုရင် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းတွေမှာတက်ရောက်စေပြီး လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးတဲ့ရှေ့ပြေးစီမံကိန်းတွေကို စတင်စမ်းသပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပညာရေး လမ်းကြောင်းထက် လုပ်ငန်းခွင်ဝင်ရောက် နေတဲ့ ကလေးတွေအတွက် သူတို့ လုပ်ကိုင်နေေတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်း​တွေကို တက်ရောက်ခွင့်ရရှိနိုင်အောင်ပညာရေးကောင်စီကအကောင်အထည်ဖော် ကြိုးပမ်းနေတယ်လို့ ဆရာမိုးခါးကပြောပါတယ်။

အဲဒီလို နည်းလမ်းတွေနဲ့ကလေးတွေကို ပညာရေး အဆက်မပြတ်သွားအောင် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းတွေက အားထုတ်ကြိုးပမ်းနေကြပြီး အောင်မြင်တစ်ချို့ရှိနေပါတယ်။ ဒါပေမယ့် “မျှော်မှန်းထားသလောက် အားရစရာကောင်းတဲ့ အခြေအနေဖြစ်မနေဘူး” လို့ ဆရာ မိုးခါးက ဆက်ပြောပါတယ်။

ဖြိုးကျော်ကတော့ “စာသင်ခန်းကို လွမ်းတော့လွမ်းမိတာပေါ့။ ဒါပေမယ့် ကျောင်းပြန်တက်ဖို့က မဖြစ်နိုင်တော့ဘူးထင်တယ် အသက်ကြီးသွားပြီ အလုပ်လုပ်ရမယ့် အရွယ် ရောက်နေပြီ”လို့ဆိုပါတယ်။ဒါ​ပေမယ့် အသက်​မွေးဝမ်း​ကြောင်းပညာသင်ယူခွင့် ရလာရင်​တော့ကားအလုပ်ရုံမှာ ကားအင်ဂျင်​ကိုင်တာ၊ကားပြင်တာကိုသင်ယူချင်တယ်လို့ သူ့ဆန္ဒကိုဖွင့်ဟပါတယ် ။ ။

(ကရင်ပြည်နယ်မှာ စစ်​ရှောင်မိသားစုတချို့ကို​တွေ့ရစဥ် ။ စစ်​ရှောင်က​လေးငယ်​တွေမှာ လုံခြုံ​ရေး ၊စားဝတ်​နေ​ရေး စတာ​တွေ​ကြောင့်ပညာသင်ကြားဖို့ ခက်ခဲ​နေကြပါတယ်။ ဓါတ်ပုံ-KHRG )

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

Facebook