စက်တင်ဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးရဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို၊ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၅၀ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဗြိတိန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ဖော်ပြခဲ့ပါတယ်။
အဲဒီလို အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။

Public Service Announcement
“အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ယူကေအစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါတယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကေက ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်။” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(UNHCR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။
“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်” လို့ တာ့ခ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်များစွာ ရှိခဲ့ပါတယ်။
မြောက်ဦးဆေးရုံကို ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူနေထိုင်ရာ စျေးတွေ၊ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ၊ စစ်ရှောင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ စစ်ကောင်စီတပ်က ဆက်တိုက်ကျူးလွန်နေတာလည်းဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူ ကျူးလွန်သူ ပါဝင်ပတ်သက်သူ တွေအားလုံးကို လက်တုန့်ပြန်သွားမယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်နေမှုများကို စာနဲ့ ထုတ်ပြန်ရုံသာမက လက်တွေ့ကျကျ ထိရောက်စွာ အရေးယူပေးဖို့ ကုလနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။


















































