အမေရိကန် ရေတပ်ရဲ့ မျိုးဆက်သစ် တိုက်လေယာဉ်ကို တာဝန်ယူ တည်ဆောက်ပေးမယ့် အဓိက ကန်ထရိုက် ကုမ္ပဏီအဖြစ် Boeingကို ရွေးချယ်လိုက်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အခြေစိုက်ရာ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့ အဆိုအရ ရေတပ်ဟာ ပြိုင်ဘက် Northrop Grummanကို ကျော်ပြီး ရေတပ်ရဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တွေ တည်ဆောက်ရေး ဒေါ်လာ ဘီလီယံ ၂၀ တန် စာချုပ်ကို ရရှိသွားကြောင်း သိရှိရပါတယ်။
ရေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ F/A-18တွေရဲ့ နေရာကို အစားထိုးပြီး ပဉ္စမမျိုးဆက် F-35တွေနဲ့ တွဲဖက် တာဝန်ထမ်းဆောင်မယ့် တိုက်လေယာဉ် အသစ်တစ်မျိုး တည်ဆောက်ရေး ဆိုတာဟာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ တရုတ်ရဲ့ အားပြိုင်မှုကို တန်ပြန်မယ့် အမေရိကန်ရဲ့ မဟာဗျူဟာ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဓိက ကန်ထရိုက်ကို ရွေးချယ်ဆုံးဖြတ်မယ့် ကိစ္စဟာ လတွေနဲ့ချီ ကြာမြင့်နေခဲ့ပါတယ်။
အခုဆုံးဖြတ်ချက်အရ Boeingဟာ အမေရိကန် ရေတပ်ရော၊ လေတပ်အတွက်ပါ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ပေးမယ့် ကန်ထရိုက် စာချုပ်တွေကို ရရှိသွားတဲ့ သဘောပါပဲ။ မတ်လတုန်းကလည်း Boeingဟာ F-47လို့ ယာယီ ကုတ်ဒ်နာမည် ပေးထားတဲ့ မျိုးဆက်သစ် လေတပ် တိုက်လေယာဉ် ဒီဇိုင်းကို မိတ်ဆက် ပြသထားပါတယ်။

Public Service Announcement
အမေရိကန် ရေတပ်အတွက် အထူးအားကိုးရတဲ့ F/A-18လို လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်တွေ တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေကြောင့် မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းမှာ Boeingဟာ အားအကောင်းဆုံး ယှဉ်ပြိုင်သူ အနေနဲ့ သတ်မှတ် ခံခဲ့ရပါတယ်။
တစ်ဖက်မှာတော့ F-47အတွက် ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ အရင်းအမြစ်တွေ အများကြီး သုံးထားရတဲ့ Boeingဟာ ရေတပ် တိုက်လေယာဉ် စီမံကိန်းကိုပါ တပြိုင်တည် ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ အမေရိကန် ရေတပ်နဲ့ လေတပ်မှာ အသုံးပြုတဲ့ တိုက်လေယာဉ်တွေဟာ စစ်ဆင်ရေး လိုအပ်ချက်တွေ အများကြီး ကွဲလွဲမှာ ဖြစ်တာကြောင့် တည်ဆောက်ရတဲ့ အခြေအနေတွေလည်း တူညီမှာ မဟုတ်ပါဘူး။
အမေရိကန် ရေတပ်ဟာ မျိုးဆက်သစ် တိုက်လေယာဉ်တွေ တည်ဆောက်စေမယ့် စီမံကိန်း နာမည်ကို F/A-XXလို့ ယာယီ သတ်မှတ်ထားပါတယ်။ အခုတော့ Boeingဟာ F-47ရော၊ F/A-XXကိုပါ တာဝန်ယူရမယ့် အဓိက ကန်ထရိုက် ဖြစ်လာပါတယ်။ အဲဒီ အောင်မြင်မှု နှစ်ခုကို မရခင် Boeingရဲ့ အနေအထားဟာ တိုက်လေယာဉ် စျေးကွက်ထဲမှာ ဆုတ်ခွာရမယ့် အခြေအနေတွေ ဖြစ်နေခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
ပင်တဂွန် ထုတ်ပြန်ချက် အပြီးမှာတော့ Boeingရဲ့ ရှယ်ယာတန်ဖိုးတွေက ၂.၂၅ ရာခိုင်နှုန်း မြင့်တက်သွားပြီး Northrop Grummanရဲ့ ရှယ်ယာတွေကတော့ ၃.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
Northrop Grummanဟာ အမေရိကန် လေတပ်ရဲ့ မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ B-21 Raiderတွေ ထုတ်လုပ်မယ့် ကန်ထရိုက် စာချုပ်ကိုတော့ ရရှိထားပါတယ်။
ကိုးကား: Reuters


















































