အီရန်ရဲ့ သင်္ဘောပေါင်း ၃၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်နဲ့ စစ်မက်စတင် ဖြစ်ပွားခဲ့ပြီး တစ်ပတ်နီးပါး အကြာမှာတော့ အီရန်ရေတပ်ကို လုံးဝနီးပါး ပျက်စီးသွားတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန် ရေတပ် သေနာပတိ ဘရက်ဒ် ကူးပါးက ပြောကြားခဲ့ပါတယ်။
အမေရိကန်-အစ္စရေး မဟာမိတ်တွေ လက်ချက်ကြောင့် ပျက်စီးခဲ့တဲ့ နစ်မြုပ်ခဲ့တဲ့ ရေယာဉ်တွေထဲမှာ အီရန် ရေတပ် အထူးဂုဏ်ယူတဲ့ ဒရုန်းတင် စစ်သင်္ဘောကြီး တစ်စီးလည်း ပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ကူးပါးဟာ လက်ရှိ အီရန်နိုင်ငံမှာ ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ ရေကြောင်း စစ်ဆင်ရေးတွေကို အဓိက ကွပ်ကဲနေပြီး အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)ကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းပြီး ဆင်နွှဲနေတဲ့ လက်ရှိ စစ်ဆင်ရေးတွေအတွင်း အမေရိကန်ဟာ အီရန်ရေတပ်ရဲ့ စွမ်းဆောင်ရည်တွေကို လွန်လွန်ကဲကဲ ချိနဲ့သွားအောင် ထိုးနှက်နိုင်ခဲ့ကြောင်း ကူးပါးက မတ်လ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement
အမေရိကန်က ဖျက်ဆီးခဲ့တဲ့ ဒရုန်းတင် စစ်သင်္ဘောဆိုတာဟာ ဒုတိယ ကမ္ဘာစစ်သုံး လေယာဉ်တင် သင်္ဘော တစ်စီးစာလောက် အရွယ်အစား ရှိတယ်လို့ သူက ပြောပါတယ်။ လက်ရှိ သူစကားပြောနေတဲ့ အချိန်မှာတော့ အဲဒီ သင်္ဘောကြီးဟာ မီးဟုန်းဟုန်း တောက်လောင်နေဆဲလို့ ကူးပါးက ဆိုပါတယ်။
အီရန် စစ်ပွဲမှာ အမေရိကန်ဟာ စစ်လက်နက်နဲ့ ကာကွယ်ရေး အစီအမံ အသစ်တွေကိုလည်း ဖြန့်ကျက် အသုံးပြုခဲ့ကြောင်း ကူးပါးက ရှင်းပြခဲ့ပါတယ်။ ဥပမာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှု အန္တရာယ်တွေကို ထိထိရောက်ရောက် ဟန့်တားနိုင်အောင် စီမံထားတဲ့ စနစ်မျိုးတွေကို အမေရိကန်က ထုတ်သုံးနေကြောင်း သူက ပြောပါတယ်။
အရင်တုန်းက သူပြောခဲ့ဖူးတာ တစ်ခုရှိကြောင်း၊ ဒေါ်လာ ၅ သောင်းလောက်ပဲ တန်တဲ့ ဒရုန်းတွေကို ဒေါ်လာ ၂ သန်းတန် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ ပစ်ချနေရတာ တွက်ချေမကိုက်ကြောင်း၊ ဒါပေမဲ့ မျက်မှောက်ကာလမှာတော့ အမေရိကန်ဟာ ဒေါ်လာ ၁ သိန်းတန် ဒရုန်းတွေကို ဒေါ်လာ ၁ သောင်းတန် စစ်လက်နက်တွေနဲ့ ကြားဖြတ် ပစ်ချနေပြီဖြစ်ကြောင်း ကူးပါးက ပြောကြားသွားပါတယ်။
အီရန်စစ်ပွဲမှာ အမေရိကန် ပွဲထုတ်လာတဲ့ လက်နက်စနစ် တစ်ခုကတော့ သိမ်းဆည်းရမိတဲ့ အီရန်ဒရုန်းတွေကို အမေရိကန် အင်ဂျင်နီယာတွေက ခွဲခြမ်းလေ့လာပြီး ကိုယ်ပိုင်ပုံစံနဲ့ ပြန်လည် တည်ဆောက်ထားတဲ့ LUCAS တိုက်ခိုက်ရေး ဒရုန်းစနစ် ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေဟာ ပစ်မှတ်ဆီ ပျံသန်းဝင်ရောက်သွားပြီး ဖောက်ခွဲပစ်တဲ့ လက်နက်တွေဖြစ်ပြီး အီရန်ဒရုန်းတွေလိုပဲ စျေးပေါပြီး အရေအတွက်များများ ထုတ်လုပ်နိုင်တဲ့ အားသာချက်မျိုး ရှိနေပါတယ်။ လက်ရှိ စစ်ရေး ပဋိပက္ခမှာတော့ LUCASလို စနစ်မျိုးဟာ အရမ်း အရေးပါလာကြောင်း ကူးပါးက မှတ်ချက်ပေးခဲ့ပါတယ်။
ကူးပါးဟာ လက်ရှိ အီရန်နဲ့ စစ်ဆင်ရေးကို ထဲထဲဝင်ဝင် ကွပ်ကဲနေပေမယ့် အတိတ်တုန်းကတော့ အီရန်နဲ့ သံတမန်ရေး ညှိနှိုင်းမှုတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလတုန်းက အီရန်နဲ့ အမေရိကန်တို့ကြား အိုမန်နိုင်ငံမှာ တစ်ဆင့်ခံ ဆွေးနွေးနေချိန်တုန်းက သူဟာ စစ်ယူနီဖောင်း အပြည့်နဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီကာလဟာ အီရန်တဝိုက်မှာ အမေရိကန် စစ်တပ်က အင်အားအလုံးအရင်း ဖြန့်ကျက် နေရာယူနေချိန်လည်း ဖြစ်ပါတယ်။
ကိုးကား: BBC


















































