အောက်တိုဘာ ၂၊ ၂၀၂၆။ဇေအောင်/People’s Spring
ယူနက်စကိုစာရင်းဝင် ရှေးဟောင်းမြို့တော်ပုဂံဒေသမှာ လာမယ့်သီတင်းကျွတ်ကာလ မီးပုံးပျံ ၃၀၀၀ဝ လွှတ်မယ့်အစီအစဥ်ဟာ ရှေးဟောင်းအမွေအနှစ်တွေအတွက်အန္တရာယ်ရှိနေကြောင်း ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်နဲ့ ဒေသခံတွေက ဝေဖန်ထားပါတယ်။
စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ ဓားပြတိုက် လူပြန်ပေးဆွဲမှုတွေကြောင့် ခရီးသွား သိသိသာသာလျော့ကျသွားတဲ့ ပုဂံဒေသမှာ ခရီးသွားတွေကို ဆွဲဆောင်တဲ့အနေနဲ့ လာမယ့် သီတင်းကျွတ်ကာလမှာ မီးပုံးပျံအလုံးသုံးသောင်းလွှတ်တင်ဖို့ စီစဥ်နေပြီး အဲဒီအပေါ် ဒေသခံအချို့ကလည်းဝေဖန်နေကြပါတယ်။
ပုဂံမှာ မီးပုံးပျံ ၃၀၀၀၀ လွှတ်တင်တာဟာ များပြားတဲ့ ပမာဏတစ်ခုဖြစ်ပြီး ဒေသအတွက် မီးဘေးလည်း စိုးရိမ်ရကြောင်း၊ ဒါ့အပြင် စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုအတွက် ထောင်ချောက်လည်း ဖြစ်နိုင်တာကြောင့် လူငယ်တွေ မသွားကြဖို့ ညောင်ဦးမြို့နယ် လူငယ်ခေါင်းဆောင် ကိုမျိုးမြတ်ကျော်က သတိပေးပါတယ်။

Public Service Announcement
“ခေတ်ကာလ လူငယ်လူရွယ် ကိုယ့်ကြောင့် စကစ လက်ထဲ ခင်ဗျားကိုယ်တိုင် အလိုတူအလိုပါ ထည့်ချင်ကြတာလား လို့ မေးခွန်းထုတ်ချင်ပါတယ်။ အခု အုပ်ချုပ်နေတဲ့ မင်းဆိုးလား ကောင်းလား သိဖို့လိုမယ်။ လူငယ်တွေ ကို ခင်ဗျားတို့ကြောင့် အနာဂတ် ရည်မှန်းချက် တွေ မပျက်စီးစေချင်ပါဘူး ။ပွဲဖြစ်ရင် နောင်ဖြစ်လာမယ့်အရာတွေ ဘယ်သူမှ တာဝန်ယူမှာမဟုတ် ကိုယ်တိုင်ခံရမှာ။ ဖြစ်သွားရင်လည်း ဝမ်းနည်းပူဆွေးဖြစ်ကြရမှာ”လို့ ကိုမျိူးမြတ်ကျော်က ပြောပါတယ်။
ပုဂံဒေသဟာ ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးတွေ၊ ထန်းရွက်မိုး ထန်းရွက်ကာ တဲအိမ်တွေ၊ ဝါးကပ်ထရံအိမ်တွေများတဲ့အတွက် မီးပုံးပျံ ပျက်ကျလာခဲ့ရင် မီးလောင်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေကတညီတညွတ်တည်းပြောပါတယ်။
“မီးလောင်မှာကို စိုးရိမ်တာ။ ပုဂံက ခြောက်သွေ့တဲ့ရာသီဥတုမို့လို့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁ ရက် ညပိုင်းကလည်း ပုဂံမြို့ မြင်းကပါရွာအတွင်း မီးပုံးပျံပျက်ကျကာ ထနောင်းပင်ပေါ် လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Outstanding Universal Value ရှိကြောင်း ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ပုဂံယဉ်ကျေးမှုလွင်ပြင်ကြီးမှာ မြန်မာနိုင်ငံရဲ့ မူလအစ စေတီပုထိုးဘုရားကျောင်းကန်များ၊ မြေပေါ်မြေအောက်အမွေအနှစ်များ၊ သစ်သား၊ဝါး၊ ကျူထရံ အဆောက်အအုံများ၊ သစ်ပင်များ၊ ကောက်ပဲသီးနှံများ၊ ချုံနွယ်ပိတ်ပေါင်းများ၊ လောင်စာဆီများ တစ်စုတစ်ဝေးတည်းရှိနေသောနေရာဖြစ်ကြောင်းနဲ့ အရေးပေါ်လာပါက မီးသတ်ကားတွေတောင် မဝင်နိုင်တဲ့ နေရာတွေ အများအပြား ရှိနေကြောင်းရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်ဒေါ်ဥမ္မာမျိုးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ရန်သူမျိုးငါးပါးထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့မီး နဲ့မှ အမွေအနှစ်ဒေသကိုအလှဆင်ချင်သူများ၊ ပျော်ရွှင်ချင်သူများ၊ ငွေရှာချင်သူများကြောင့် အမွေအနှစ်ရော လူများပါ ထိခိုက်ပျက်စီးနိုင်သည့်ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကိုလွယ်ကူစွာတွေးဆနိုင်ပါတယ်”လို့ ဒေါ်ဥမ္မာမျိုးက ရေးသားထားပါတယ်။
ဒေါ်ဥမ္မာမျိုးကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။
ပုဂံဒေသကို ၂၀၁၉ ဇူလိုင်က အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ပုဂံရဲ့ တဖက်ကမ်း ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း ပြီးခဲ့တဲ့ ဇွန်လဆန်းက ပြည်သူ ၄၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရဖူးပြီး နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဇူလိုင် ၁၀ ရက်ကလည်း ညောင်ဦးနဲ့ နယ်ချင်းဆက်နေတဲ့ ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော် ၂၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ညောင်ဦးမြို့နယ်မှာ စစ်ရှောင်တွေလည်း ရှိနေပါတယ်။



















































