အောက်တိုဘာ-၁၉၊၂၀၂၆။နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တပ်စွဲပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာလေတပ်ဆွယ်နဲ့အမြောက်လက်နက်ကြီးတွေ တပ်စွဲချထားပြီး မကွေးတိုင်းဒေသ နဲ့ ဧရာဝတီမြစ်ကြောင်းရှိ မြို့နယ်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ MDSI က အောက်တိုဘာ ၁၉ ရက်မှာထုတ်ပြန်ပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဇူလိုင်လမှာ သတ်မှတ်ခံရတာဖြစ်ပါတယ် ။

Public Service Announcement
၂၀၂၆ မေလဝန်းကျင်ကစပြီးညောင်ဦးလေဆိပ်မှာအခြေပြုထားတဲ့ လေတပ်ဆွယ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ စက်တပ်လေထီး (Paramotor)တွေ အသုံးပြုကာ မြင်းခြံ၊ ငါးဇွန်၊ မြစ်ခြေ၊ ရေစကြို၊ ပခုက္ကူ နဲ့ မကွေးတိုင်းဒေသတကြောကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဖော်ပြပါတယ်။
ဒါအပြင် အာနန္ဒာဘုရား အနောက်မုဒ်နဲ့ မြို့ဟောင်းနယ်မြေ ပုဂံအိမ်တော်တို့မှာတပ်စွဲအခြေချထားတဲ့ စစ်တပ်ဟာ ၁၀၂ မမမော်တာစိန်ပြောင်း၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်တွေတပ်ဆင်အသုံးပြုပြီးဧရာဝတီမြစ် အနောက်ဘမ်းခြမ်းကမကွေးတိုင်းဒေသအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းရာ မြို့နယ်ကျေးရွာတွေကိုနေ့စဉ်နဲ့ အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းနယ်မြေလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို စစ်ရေးအတွက် တပ်စွဲအသုံးပြုကာ စစ်ရာဇဝတ်ကျူးလွန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းမှာပဲ စစ်တပ်က အောက်တိုဘာ ၁၆ ရက်မှာ ညောင်ဦး နဲ့ မကွေးလေတပ်တို့မှ Mi-35 တိုက်ခိုက်ရေးဟယ်လီကော်ပတာ (၂) စီး၊ ဂျက်ဖိုက်တာ (၂) စီး နဲ့ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ဒရုန်း (၂) စီးတို့နဲ့ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောရွာကစတားလင့်သုံးတဲ့နေရာကို ဗုံးကြဲခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်ကတော်လှန်ရေးတပ်တွေက စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊
ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပုဂံ၊ညောင်ဦးလေဆိပ်ဟာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ Gyrocopter တွေထားရှိပြီး ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး အညာဒေသက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အဓိက အသုံးပြုနေတဲ့ လေဆိပ်ဖြစ်တယ်လို့ ညောင်ဦးဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
” ညောင်ဦးလေဆိပ်က ခရီးသည်တွေအတွက်ပဲသုံးတဲ့လေဆိပ်မဟုတ်တော့တာကြာပြီလေ။တစ်လလောက်ရှိပြီ။အညာဒေသက မကွေးတိုင်း ဆောတို့ မြိုင်တို ကျောက်ထုဒေသတွေကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာက ညောင်ဦးလေဆိပ်က တက်သွားတဲ့ ဟာတွေပဲ။ လေဆိပ်က စစ်ဖက်သုံးလေဆိပ်ဖြစ်နေပြီ”လို့ ညောင်ဦးဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
စစ်တပ်အနေနဲ့ မကွေးလေတပ်စခန်းက Mi 35 ရဟတ်ယာဉ်နဲ့ Gyrocopter တွေကို မေလကတည်းက ညောင်ဦးလေဆိပ်ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး ညောင်ဦးလေဆိပ်ကနေ ပခုက္ကူ၊ မြိုင်၊ ပေါက် အပါအဝင် ချင်းတောင် ကျောက်ထုဘက် နဲ့မြစ်ချေ မြို့ဝန်းကျင်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာလို့ Brave Warriors for Myanmar (BWM) အဖွဲ့ကလည်း ထုတ်ထားပြန်ပါတယ်။
ညောင်ဦးလေဆိပ်ကို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ရေးမှာ အဓိကအသုံးပြုတဲ့ Y8 နဲ့ Y12 ယာဉ်တွေ မကြာခဏဆင်းသက်ရပ်နားတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
“ပုဂံမှာ စစ်တပ်က အင်အားတွေ တိုးနေတာ ထင်တယ်။ မကြာခဏတော့ စစ်ကားတွေ တွေ့နေရတယ်”လို့ ပုဂံဒေသခံ တစ်ဦးက ပြောပါတယ်။


















































