အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်းစစ်တပ်ထိန်းချုပ်ထားတဲ့သုံးမြို့နယ်ထဲမှ စစ်တွေနဲ့ ကျောက်ဖြူမြို့ နယ်ကစစ်စခန်းတွေကို အာရက္ခတပ်တော်(AA)က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းနေကြတယ် လို့ AA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့တဲ့ စစ်တပ်ရဲ့ကျောက်တော်မြို့ဗုံးကြဲမှုအပြီးမှာ AA က ထိုးစစ်အရှိန်ကို မြင့်လာခဲ့တာဖြစ်ပါတယ်။
“ကိုယ့်ဘက်က ပြင်းပြင်းထန်ထန်ထိုးစစ်လုပ်နေတယ်။စစ်တွေမှာရော၊ ကျောက်ဖြူမှာရော တိုက်ပွဲပြင်းနေတယ်။စစ်တွေမှာဆိုရင် တောကန်၊သိန်းတန်၊နာရီကန်ဘက်မှာတပြိုင်တည်း ထိုးနေတယ်လို့ သိရတယ်။ကျောက်ဖြူ မှာလည်း စစ်မျက်နှာနှစ်ခုလောက်မှာ တိုက်ပွဲဖြစ်နေတယ်” AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
စစ်တွေမြို့နယ်အတွင်း စက်တင်ဘာလနောက်ဆုံးပါတ်မှာတိုက်ပွဲတွေခတ္တရပ်နေခဲ့ရာစက်တင်ဘာ ၃၀ ရက်ကစ တိုက်ပွဲပြန်ဖြစ်ခဲ့ တာဖြစ်ပါတယ်။အောက်တိုဘာလဆန်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေတဲ့ ဝါဘိုကျွန်း၊ ကွမ်းတောင်ရွာအနီးဝန်းကျင်နဲ့ စစ်တပ်ကာကင်း တွေရှိရာ ကံ့ကော်ကျွန်း၊ သိန်းတန်၊ ရာတန်၊ နာရီကန်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“စစ်တပ်ကကျွံလာတဲ့စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်။ တဖက်မှာလည်း ကိုယ့်ဘက်က ရှေ့တက်ပြီး ထိုးစစ်လုပ်နေတယ်။ ကံ့ကော်ကျွန်းနားတိုက်ပွဲမှာ အောင်မြင်မှုရတာတွေရှိတယ်၊နောက်မှ တရားဝင် ထုတ်ပြန် မယ်ထင်တယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်သူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကံ့ကော်ကျွန်းအနီးတိုက်ပွဲမှာစစ်တပ်ရဲ့ အထိုင်ချစခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့စုံစမ်းသိရပါတယ်။ ဒါပေမယ့်တိုက် ပွဲအခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဝါဘိုကျွန်း၊ကွမ်းတောင်ရွာအနီးတဝိုက်ရှိ အင်အား သုံးဆယ်ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွားအောင် AA တပ်ဖွဲ့ဝင်တွေကတိုက် နိုင်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
အလားတူကျောက်ဖြူမြို့နယ်မှာလည်း တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်း အ၀တောင်ရွာဝန်းကျင် နဲ့ မင်းပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“တိုက်ပွဲပြင်းနေတယ်လို့ပြောပါတယ်။စစ်တပ်ကလည်း လေယာဉ်နဲ့ ချနေတာလည်းနှစ်ရက်ဆက်တိုက်ရှိပြီ။စနဲနားက ရွာတွေကိုပဲ ကြဲနေတာ။အဲဒီရွာတွေမှာလူတော့မရှိပေမယ့် အိမ်တွေကတော့ အပျက်အစီးရှိတယ်”လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတ တားပေါ်တို့ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် မွေးခါနီး ကိုယ်ဝန်ဆာင်အမျိုးသ မီး၊ မွေးပြီးစ မိနစ်ပိုင်းအကြာ ရင်သွေးငယ်နဲ့ ဒေသခံရိုဟင်ဂျာတွေအပါအဝင်အရပ်သားပြည်သူ ၅၁ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့၊ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ အကြမ်းဖက်ဗုံးကြဲ တိုက်ခိုက်မှုဖြစ် စဉ်တွေအတွင်း အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီးပစ်ခတ်တိုက်ခိုက်သူတွေနဲ့ ပါဝင်ပက်သက်သူတွေအားလုံး၊ ပက်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေအားလုံးကို အထူးမှတ်တမ်းတင်ထားသလို တူညီပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။
အဲဒီလို ထုတ်ပြန်ပြီးနောက်မှာပဲ AA ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ထိုးစစ်အရှိန် မြင့်ကာ တိုက်ခိုက်လာတာဖြစ်ပါတယ်။
“တိုက်ပွဲတွေကတော့အခုထက် ပြင်းလာနိုင်တယ်လို့ မြင်တယ်။စစ်တပ်ကလည်းအလျော့မပေးဘူး၊ ပြည်သူတွေ ကို လိုက်သတ်နေတယ်။ AA ကလည်း တုံ့ပြန်မယ်လို့ပြောထားပြီဆိုတော့သူတို့စကားအတိုင်းလုပ်လိမ့်မယ်။ ဒါဆို ရင် တိုက်ပွဲက ပြင်းလာဖို့ပဲ ရှိတယ်။ ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ထားကြဖို့လိုမယ်” လို့ ရခိုင်ဒေသခံစစ်ရေး လေ့လာသူတဦးက ပြောပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်တွေ၊ကျောက်ဖြူ ၊မာန်အောင် သုံးမြို့နယ်ကိုပဲထိန်းချုပ်ထားနိုင်တော့ပြီး ကျန် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ဟာရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။
တန်ပြန်ထိုးစစ်တလနီးပါးအတွင်း စစ်တပ်ဟာAA စခန်းတွေကိုသိမ်းနိုင်တာမရှိဘဲ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းကစခန်း ၁ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၁ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ် ။တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
လူထုနွေဦးကကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့အောက်တိုဘာ ၂ ရက်နေ့ထိ တလနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံပြည်သူ ၆၂ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၀၈ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။



















































