ဝဇီရာ/People’s Spring
ကိုဂျီဟာ တိုကျိုမြို့က တက္ကစီသမားတစ်ယောက်ပါ။ ကိုဂျီမှာ ဇနီးနဲ့ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ သမီးဖြစ်သူဟာ ကျောင်းဝင်ကြေးနဲ့ လခ အရမ်းများတဲ့ ဂီတအထက်တန်းကျောင်းကို တက်ချင်နေခဲ့တယ်။ ပြီးတော့ အိမ်ငှားခကလည်း စာချုပ်ပြည့်လို့ ထပ်ချုပ်ရဦးမယ်။ တက္ကစီကလည်း သက်တမ်းထပ်တိုးရမယ်။ အဲဒီအထွေထွေကုန်ကျမယ့်စရိတ်တွေကြောင့် တက္ကစီသမားကြီး ကိုဂျီ မရယ်နိုင် မပြုံးနိုင်ခဲ့ဘူး။
တနေ့ကတော့ သူ့မိတ်ဆွေ တက္ကစီသမားကိုယ်စား ခရီးသည်တစ်ယောက်ကို ခရီးဝေးတစ်ခုကို လိုက်ပို့ပို့ဖြစ်လာတယ်။ လိုက်ပို့ပေးရမယ့်သူက အသက် ၈၀ ကျော် အဘွားအို ဆုမိရဲပါ။ လိုက်ပို့ပေးရမယ့်နေရာက ဘိုးဘွားရိပ်သာကိုပါ။
သူတို့ ခရီးစတင်ထွက်ခွာခဲ့တယ်။ ပထမတော့ အဘွားက ကိုဂျီကို သိပ်မသဘောမကျဘူးရယ်။ ကိုဂျီက သူ့အပူနဲ့သူမို့ ပြုံးတောင်မပြုံးနိုင်ရှာတာကိုး။ အဘွားဟာ ကိုဂျီကို တိုကျိုမြို့ကသူသွားချင်တဲ့နေရာလေးတွေကို လိုက်ပို့ခိုင်းတယ်။ အဲဒီလိုလိုက်ပို့ရင်း အဘွားရဲ့အကြောင်းကို ကိုဂျီသိခွင့်ရခဲ့တယ်။

Public Service Announcement
အဘွားငယ်စဥ်က စစ်ကြီးနဲ့ တည့်တည့်တိုးခဲ့တယ်။ အဘွားရဲ့အဖေဟာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခံရပြီး တိုကျိုမြို့ထဲက တံတားတစ်ခုမှာ သေဆုံးခဲ့တာပါ။ အဘွား အသက် ၂၀ မပြည့်ခင်မှာပဲ ကိုရီးယားကနေ စစ်ရှောင်ရင်း ဂျပန်ရောက်လာတဲ့ ကိုရီးယားကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံခဲ့တယ်။ အဘွားတို့နှစ်ယောက် သိပ်ချစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ကံကြမ္မာက အဘွားတို့ချစ်သူနှစ်ယောက်ကို မျက်နှာသာ မပေးခဲ့ပါဘူး။ ကိုရီးယားစစ်ပွဲပြီးသွားတော့ သူတို့နိုင်ငံ ပြန်လည်ထူထောင်ရမယ်ဆိုပြီး အဘွားရဲ့ချစ်သူ ကိုရီးယားကောင်လေးဟာ သင်္ဘောကြီးနဲ့ သူ့နိုင်ငံ ပြန်သွားပါတော့တယ်။ ကောင်လေးက အဘွားရဲ့ ဗိုက်ထဲ လက်ဆောင်တစ်ခု ထားခဲ့မိတာကို သူကိုယ်တိုင်တောင် သိမသွားခဲ့ဘူး။
အဘွားဟာ သားလေးတစ်ယောက် မွေးခဲ့တယ်။ မိခင်မုဆိုးမကြီးနဲ့အတူ သားအမိနှစ်ယောက်အတူနေထိုင်ကြရင်း အဘွားဟာ နောက်ထပ် အမျိုးသားတစ်ယောက်နဲ့ ရည်ငံမိတယ်။ အဘွားရဲ့အမေကတော့ သတိပေးရှာတယ်။ အဲဒီလူက အဘွားရဲ့သားကလေးကိုလည်း သူ့သားလေးလိုချစ်မှာပါလို့ ပြောတယ်။
အဘွားအဲဒီလူနဲ့အိမ်ထောင်ထပ်ပြုဖြစ်တယ်။
အဘွားရဲ့ နောက်အိမ်ထောင်ဖက်ဟာ မရခင်တမျိုး၊ ရပြီးတမျိုးပါ။ အဘွားရဲ့သားလေးလည်း အတော်မျက်မုန်းကျိုးနေတာ။ အဘွားကိုလည်း ရိုက်နှက်လေ့ရှိတယ်။ နောက်တော့ သားလေးကိုပါ သူက ရိုက်နှက်လာတော့ အဘွားသည်းမခံနိုင်တော့ဘူး။ အဘွား လူသတ်ရန် ကြံစည်မှုနဲ့ ထောင် ကိုးနှစ် ကျသွားခဲ့ရတယ်။
အဘွားထောင်က ပြန်လွတ်လာချိန် မိသားစုမရှိတော့ဘူး။သူ အမေရိကားသွားပြီး သင်ထားတဲ့ လက်သည်းအလှပညာနဲ့အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။ အဘွားဟာ လမ်းတလျှောက် သူ့စကားတွေ နားထောင်ပေးခဲ့တယ် ကိုဂျီကို သိပ်ကျေးဇူးတင်ခဲ့တယ်။ လမ်းမှာ ညနေစာစားပြီး လမ်းလျှောက်တော့ အဘွား ကိုဂျီကို ခွင့်တစ်ခုတောင်းတယ်။ ကိုဂျီကို လက်မောင်းကိုချိတ်ပြီး လျှောက်လို့ရမလားတဲ့။ ကိုဂျီခွင့်ပြုခဲ့ပါတယ်။
ဘိုးဘွားရိပ်သာရောက်တော့ အဘွား ရိပ်သာထဲ မဝင်ချင်သေးဘူးဖြစ်နေတယ်။ သူ့ ရင်ဖွင့်စကားသံတွေနားထောင်ပေးခဲ့တဲ့ကိုဂျီနဲ့ စကားတွေ ထပ်ပြောချင်နေသေးပုံပါ။ ဒီည တည်းခိုခန်းမှာဖြစ်ဖြစ် တည်းလို့ရမလားလို့မေးရှာတယ်။ ကိုဂျီက မရတော့ဘူး အဘွားဆင်းလိုက်ပါလို့ပြောတော့အဘွားက ကောင်းပါပြီဆိုပြီး မျက်နှာငယ်လေးနဲ့ ဆင်းရှာတယ်။
ရိပ်သာထဲရောက်မှ အဘွား ကိုဂျီကို ကားခမပေးရသေးတာ သတိရတယ်။ ကိုဂျီက နောက်တစ်ခေါက် မိသားစုနဲ့လာခဲ့ဦးမှာမို့ အဲဒီကျမှ ပေးပါလို့ ပြောလိုက်တယ်။ အဘွားလည်း ကိုဂျီကို လက်ပြနူတ်ဆက်ရင်း ဓါတ်လှေကားထဲ ဝင်သွားခဲ့တယ်။ နောက်တစ်ပတ်လောက်နေတော့ ကိုဂျီတို့မိသားစု ရိပ်သာကို သွားတဲ့အချိန်မှာတော့…
Tokyo Taxi ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ပြင်သစ်-ဘယ်ဂျီယံ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Driving Madeleine ကို အခြေခံပြီး ပြန်လည်ရိုက်ထားတာပါ။ ဂျပန်နိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ Hochi Flim Awards ဆု ရရှိခဲ့ပါတယ်။
ဒီဇာတ်ကားကို ဂျပန်ဝါရင့်ဒါရိုက်တာကြီး Yji Yamada က ရိုက်ကူးထားပြီး၊ ဂျပန်မင်းသား Takuya Kimura နဲ့ မင်းသမီးကြီး Chieko Baish တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဒါရိုက်တာ Yoji Yamada က Blue Ribbon Award မှာ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သလို၊ မင်းသမီးကြီး Chieko Baisho က Japan Academy Film Prize ရဲ့ အကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့ပါတယ်။
မင်းသမီးကြီးဟာ ဆုလည်း ရသင့်ပါတယ်။ စစ်ရဲ့ နောက်ဆက်တွဲရလဒ်တွေကြောင့် ဘဝတလျှောက်လုံး နာနာကျင်ကျင် ဖြတ်သန်းခဲ့ရတဲ့ အဘွားအိုအဖြစ် အကောင်းဆုံး သရုပ်ဆောင်သွားခဲ့တယ်။
ဇာတ်ကားထဲက အဘွားအိုဟာ ရင်ဖွင့်ဖော်တစ်ယောက် အင်မတန်မှ လိုအပ်ခဲ့သူပါ။ ထောင်ကထွက်လာတော့လည်း လူသတ်ဖို့ကြံစည်ဖူးသူဆိုပြီး လူတွေရဲ့ ဖယ်ခွာမှုကို ခံခဲ့ရတယ်။တက္ကစီဆရာကလက်မောင်းကိုချိတ်ခွင့်ပြုတုန်းကဆို သူတအားနွေးထွေးသွားခဲ့တာ။
ကျနော်တို့လို ကာလဆိုးကြီးကို ဖြတ်သန်းနေကြရတဲ့သူတွေအတွက်လည်း ကိုယ့်ကို နားလည်ပေးမယ့်၊ ကိုယ့်စကားတွေ နားထောင်ပေးမယ့် လက်မောင်းချင်းချိတ်လို့ရမယ့် လူတစ်ယောက်တော့ လိုအပ်မှာ အမှန်ပါပဲ။
စစ်တပ်အာဏာသိမ်းကာလတလျှောက် ကျနော်တို့တတွေ ရင်ဆိုင်ခဲ့ရ ရင်ဆိုင်နေရတဲ့မတရားဖိနှိပ်ခံရမှုတွေ၊ မလုံခြုံမှုတွေ၊ သစ္စာဖောက်မှုတွေ၊ ဝမ်းနည်းနာကျင်မှုတွေ ရင်ဖွင့်ပြောပြချင် ရင်ဖွင့်ချင်ကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ ရင်ဖွင့်ဖော်တွေနဲ့ အခြေအနေအကြောင်းကြောင့် လူချင်း၊ စိတ်ချင်း ဝေးသွားကြရတာတွေရှိတယ်။ ရင်ဘတ်ချင်းနီးသော်ငြား ပြန်မလာနိုင်တော့တဲ့ခရီး ထွက်သွားခဲ့ကြသူတွေရှိတယ်။
ခွဲခွာခြင်းတွေ၊ ဆုံးရှုံးခြင်းတွေ များလွန်းလှတဲ့ ဒီကာလဆိုးကြီးထဲမှာ နီးစပ်ခွင့်ရသမျှ အခိုက်အတန့်လေးတွေမှာ အချင်းချင်း နွေးထွေးစွာ လက်မောင်းချင်း ချိတ်တွဲထားပေးဖို့ထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အရာတော့ ရှိတော့မယ် မထင်ပါဘူး။



















































