အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့၊နေ့လယ်ပိုင်းမှာ ရွာအနီးကုလားမြစ်ထဲမှာတခြားစစ်ရှောင်တွေနဲ့အတူ ငါးရှာနေရင်း ဂျက်ဖိုက်တာတစီး အနီးကပ် ဝဲလာတာကြောင့်စိုးရိမ်ပြီးမော့ကြည့်ရာကနေရေထဲပြုတ်ကျသွားခဲ့လို့ဆိုပါတယ်။
“သူ့အစ်ကိုတွေနဲ့အတူ ငါးထွက်ဖမ်းကြတာ။ ပုဏ္ဏားကျွန်းမှာက လေယာဉ်လာရင် ဗုံးကြဲပြီဆိုတော့အကုန်လုံးကစိုးရိမ်စိတ်နဲ့နေကြရတာလေ။ သူလည်း စိုးရိမ်တကြီးနဲ့ မော့ကြည့်တာထင်ပါတယ်။ အဲဒီမှာ နောက်ပြန်ပြုတ်ကျ သွားတာ။ ဝိုင်းရှာကြပေမယ့် မတွေ့တော့ဘူး” လို့ ယိုးငူရွာသားတဦးကပြောပါတယ်။ရေထဲပြုတ်ကျသေဆုံးခဲ့သူဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာကနေ စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ ကိုဇော်မင်းဦး ဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေ အလောင်းဝိုင်းရှာနေကြတယ်လို့ သိရပါတယ်။

Public Service Announcement
စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာအနီးမှာရှိတဲ့ အောင်ဖြူပြင်ရွာနဲ့ ကျောက်ဆိပ်ရွာဝန်းကျင်ကို အခုရက်ပိုင်း မှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပြီးနောက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။
“အခုနောက်ပိုင်းလေယာဉ်လာရင်လည်းတစီးမဟုတ်၊ နှစ်စီးမဟုတ်၊ သုံး၊လေးစီးလာတာဆိုတော့အကုန်လုံးကြောက်နေကြတာ။ဆိုင်ကယ်သံကြားရင်တောင် လေယာဉ်ထင်ပြီး လန့်နေတယ်။ ဒီအယုတ်တမာကောင်တွေ ကြောင့် လူတွေအလိုလိုသေနေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါ တယ်။
စစ်တပ်ဟာစစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က တိုက်ပွဲတွေမှာ အထိနာပြီးတပ်စခန်းတွေလက်လွှတ်နေရတာကြောင့်တိုက်ပွဲဆက်စပ်နေရာတွေအပြင်တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေ၊ စျေး၊စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းစတဲ့နေရာတွေကိုပါ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေပါတယ်။
အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းကလည်း ရသေ့တောင်မြို့ပေါ်၊ အနီးဝန်းကျင်ကျေးရွာတွေနဲ့ စစ်တွေ မြို့နယ်အစပ် အငူမော်ရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ အောက်တိုဘာလ ၂ ရက် မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာ ကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာမှ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၃ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၆၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။



















































