“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ”
— စစ်ဘေးရှောင်တဦး
အောက်တိုဘာ-၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကပန်းနီလာစစ်ဘေးရှောင်စခန်း နဲ့ အနီးဝန်းကျင်တို့ကိုဒီနေ့မနက်ပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့်လူသေဆုံးထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကိုးနာရီခွဲလောက်ကတည်းက ဂျက်နှစ်စီးနဲ့ ဗုံးကြဲတာ။ အထိအခိုက်တွေ မသိရသေးဘူး။ တော်တော်များမယ်။လေယာဉ်ဝဲနေသေးတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။ဗုံးကြဲခံရမှုကြောင့် လူသေဆုံးထိခိုက်မှုအခြေအနေ အသေးစိပ်ကိုမသိရသေးဘဲ နောက်ဆက်တွဲဖော်ပြပါမယ် ။
အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာဒဏ်ရာပြင်းထန်သူတွေ ရှိနေတာကြောင့်သေဆုံးသူတွေ ထပ်တိုးနိုင်သေးတယ်လို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement
ဗျာလ စစ်ဘေးရှောင်စခန်း ဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာပဲ ပန်းနီလာ စစ်ဘေးရှောင်စခန်းကိုစစ်တပ်က ထပ်မံဗုံးကြဲခဲ့တာဖြစ်ပါတယ် ။
ပန်းနီလာစစ်ဘေးရှောင်စခန်းဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲဖြစ်နေတဲ့ နေရာ နဲ့ ဆယ်မိုင်ကျော်အကွာမှာ တည်ရှိပြီး မနေ့က ဗုံးကြဲခံရတဲ့ ဗျာလစစ်ရှောင်စခန်းအနီးမှာပဲ တည်ရှိပါတယ်။
“စစ်ဘေးရှောင်တွေကို တမင်လာသတ်နေတာ။ ဓနိတဲလေးမှာ နေကြတဲ့ စစ်ရှောင်တွေမှာ ဘာအပြစ်ရှိလို့လဲ၊ေးထက်တောင်ဆိုးတဲ့ကောင်တွေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်လူငယ်အမျိုးသမီးတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကိုတန်ပြန်ထိုးစစ်ဆင်နေခဲ့တာဟာ တစ်လကျော်လပေမယ့် AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်ဦးကျိုးပြီးစစ်စခန်းတချို့ပါ ပြန်သိမ်းခံနေရပါတယ်။စစ်တပ်အထိနာနေချိန်မှာအရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၄ ရက်နေ့ထိ တစ်လအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ အရပ်သားပြည်သူ ၇၀ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၉ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။



















































