အောက်တိုဘာ-၄၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း ၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )- လောင်းရှည်နဲ့ ဆောလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး အင်အား ရာနဲ့ချီသုံးပြီး စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေတာလို့ ဆိုပါတယ်။
“ကပစ(၂၅)နဲ့ လောင်းရှည်မြို့ ကြားလမ်းပိုင်းပေါ်က ကျေးရွာတွေမှာ စခန်းချဖို့လုပ်နေတာရှိသလို လောင်းရှည် -ဆောမြို့ လမ်းကြောက တောင်ဘို့ကြီးရွာဘက်လည်း စစ်ကြောင်း၀င်နေတယ်”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်တပ်စစ်ကြောင်းက တောင်ဘို့ကြီးကျေးရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးထားပြီး လမ်းကြောတလျှောက်ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီးပစ္စည်းတွေ ခိုးယူနေတယ်လို့ အသိပေးပါတယ်။
“အသတ်ခံရသူတွေကိုတော့ စာရင်းပြုစုနေပါတယ်”လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေ နဲ့ ချင်း ပြည်နယ်တောင်ဘက် မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်နေတဲ့ စစ်တပ်က မေလကစပြီး မနေ့ကအထိ ဆောမြို့နယ်ကို ၅လအတွင်း ပို့ဆောင်တဲ့ အင်အား ၄၅၀၀ ၀န်းကျင်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဆောမြို့နယ်၊လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို စစ်တပ်က စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောထားပါတယ်။
စစ်ကြောင်းက လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းပေါ်က မဆာတွီရွာမှာ အထိုင်ချတပ်စွဲဖို့ ကနဦးကြိုးပမ်းနေတာဖြစ်ပြီး အဲဒီကျေးရွာကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅) နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။
ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်ထိုးစစ်အရှိန်လျော့ခဲ့ပေမယ့်နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။
ချင်းပြည်-ပလက်ဝ-ရခိုင်အစပ် အပါအ၀င် အာဏာသိမ်းစစ်တပ်က ပွင့်လင်းကာလမှာ ထိုးစစ်ကြီးလုပ်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေပိုပြင်းထန်နိုင်တယ်လို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကပြီးခဲ့တဲ့လက သတိပေးပြောဆိုထားပါတယ်။


















































