အောက်တိုဘာ -၅ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။
မနေ့က(အောက်တိုဘာ ၄ ရက်)နေ့က မှိုရှာသွားတဲ့ ရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေရှိခဲ့ပြီးနောက် ဒေသတာဝန်ရှိသူတွေအားလုံး ဦးဆောင်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါ အစုလိုက်၊ အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ခုအတွင်းမှ ရုပ်အလောင်း ၁၂ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် ၊ကျောင်းသားကဒ် ၊မွေးစားရင်းစာရွက် စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်”လို့ မြိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အရပ်သားရုပ်အလောင်း တစ်ဒါဇင် ကိုတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်က မှန်ကန်ပြီး အသေးစိတ်အချက်အလက် ကို စိစစ်နေတယ်လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တခုက တာ၀န်ရှိသူက အသိပေးပါတယ်။
“အနီ(NLD ) ထောက်ခံသူတွေ ဆိုပြီး သတ်ဖြတ်ခဲ့ကြတာ။ပါးစပ်တွေ ကို ကြိုးချည်ပြီး လက်ပြန်ကြိုးတုတ်သတ်ခံခဲ့ကြရတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
အဲဒီသတ်ဖြတ်ခံခဲ့ရသူတွေဟာ ၂၀၂၃ ဇွန်လ ၉ ရက်က မြိုင်မြို့နယ် စက်မှု ၂ မှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဂွေကုန်းရွာကို စစ်ကြောင်းထိုးစဉ် ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊မကျီးကုန်းရွာက ပြည်သူ ၁ဦး၊သံချောင်းရွာက ပြည်သူ ၁ဦး နဲ့ မကျည်းကန်ရွာက ပြည်သူ ၁ဦး စုစုပေါင်း ဖမ်းဆီးခံခဲ့ရသူတွေလို့ ဆိုပါတယ်။
သတ်ဖြတ်မှုကို ၀က်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့ ဝင်းငွေ နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ အာဏာသိမ်းစစ်တပ်က ဗိုလ်ဘိုဖြူတို့ ဦးဆောင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ပြည်သူတွေကို ၂၀၂၃ ဇွန်လ ၁၁ ရက် မနက်မှာ သတ်ပစ်ခဲ့တယ်လို့ ဝက်ပုတ်ရွာမှာ သိမ်းဆည်းရရှိတဲ့ မှတ်စုစာအုပ်မှာဖော်ပြထားတယ်လို့ မြိုင်မြို့နယ်စစ်ရေးတာ၀န်ရှိသူက အသိပေးပါတယ်။
မှတ်စုစာအုပ်စာရင်းအရ ဂွေးကုန်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် အောင်ဇင်ဟိန်း၊ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဌေး ၊ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဦး၊ အသက် ၃၉ နှစ် အရွယ် ဦး အောင်မိုး၊ အသက် ၆၁ နှစ်အရွယ် ဦးဩ ၊ အသက် ၅၁ နှစ်အရွယ် ဦးဌေးမြင့်၊ အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက် ၊ အသက် ၄၂ နှစ်အရွယ် ဦးဆန်းလင်းမောင်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးဖြိုးဝေ မောင် တို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
မကျီးကုန်းကျေးရွာက အသက် ၄၈ အရွယ် ဦးထွန်းသိန်း၊ သံချောင်းကျေးရွာက အသက် ၂၉ နှစ်အရွယ် ဦးအုန်းလင်းနဲ့ မကျည်းကန်ကျေးရွာက ပြည်သူ ၁ဦး ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ဩဂုတ် ၈ ရက်မှာ ဝက်ပုတ်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း စစ်တပ်က မြိုင်မြို့နယ် တဲကြီးကျေးရွာမှာ တပ်စွဲထားပြီး ဒေသတွင်းက ရေနံတွင်း တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ မြိုင်မြို့နယ်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။



















































