ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ ဗြိတိန် တော်ဝင်လေတပ်ရဲ့ ဖဲဖို့ဒ် လေတပ်စခန်းမှာ ဖြန့်ကျက်ထားပြီး အီရန်မှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေအတွက် အသုံးပြုနေတဲ့ B-1 ဗုံးကြဲလေယာဉ်ကြီး တစ်ဒါဇင်လောက်ကို အောက်တိုဘာ ၄ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာစေခဲ့ပါတယ်။
ဒါဟာ စက်တင်ဘာ လကုန်ပိုင်းက ဖဲဖို့ဒ် လေတပ်စခန်းကို ဦးတည်ပြီး တိုက်ခိုက်မှုတစ်ခု ကျူးလွန်ဖို့လို့ ယူဆရတဲ့ အခြေအနေနဲ့ ဆက်စပ်ဖွယ် ရှိပါတယ်။ ဗြိတိန် အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ မသင်္ကာစရာ ဗင်ကားသုံးစီးနဲ့အတူ ဖဲဖို့ဒ် လေတပ်စခန်းဆီ ဦးတည်နေတဲ့ မျက်နှာဖုံးစွပ် ဗြိတိန်လူငယ် ၅ ဦးကို ဖမ်းမိခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဗြိတိန်-အီရန် အနွယ်ဝင် တစ်ဦးကိုလည်း ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၆ ဦးစလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးထားလိုက်ပါတယ်။
အဲဒီလူတစ်စုဟာ တကယ်ပဲ ဖဲဖို့ဒ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သလား၊ ဘယ်လို နည်းလမ်းတွေကို အသုံးပြုမှာလဲ၊ ဘယ်လိုအကြောင်းကြောင့်လဲ ဆိုတာတွေကိုတော့ ဗြိတိန်က အတိအကျ မကြေညာသေးပါဘူး။ ဒါပေမဲ့ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်နေတာမျိုး ရှိနိုင်တယ်လို့တော့ မှတ်ချက် ပေးထားပါတယ်။

Public Service Announcement
အောက်တိုဘာ ၅ ရက်နေ့က နီဘရာစကာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အမေရိကန်ဟာ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သတင်းရထားတာကြောင့် အခုလိုမျိုး ဗုံးကြဲလေယာဉ်တွေကို ရွှေ့ပြောင်းထားလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန်ကနေ B-1တွေ ပြန်လည်ထွက်ခွာလာတာဟာ အန္တရာယ် တစ်ခုခု ရှိနိုင်လို့လားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က အဲဒီလို ပြောလို့ရကြောင်း၊ လေယာဉ်တွေက မတော်တဆ လျှောက်ပျံနေတာမျိုး မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှု တချို့ တကယ်ပဲ ရှိနေကြောင်း၊ ရန်သူကို အချိုသပ်နေမယ့်အစား အမေရိကန်ကတော့ အမိဖမ်းပြီး ထိုးနှက်သွားဖို့ပဲ ရည်ရွယ်ကြောင်း၊ ဒါပေမဲ့ လေယာဉ်တွေကို အဲဒီမှာ ဆက်ထားဖို့က သိပ်အဆင်မပြေတာကြောင့် နည်းနည်း နေရာရွှေ့ခဲ့ကြောင်း၊ အဝေးကြီးလည်း မဟုတ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
သူက အဲဒီခြိမ်းခြောက်မှုတွေကို ဘယ်သူက ဖန်တီးနေသလဲ ဆိုတာကို သိတယ်လို့လည်း ပြောပေမယ့် နာမည်တော့ ထုတ်မပြောခဲ့ပါဘူး။ ဗြိတိန် မီဒီယာတွေက B-1တွေဟာ အမေရိကန်မှာ ရှိနေတဲ့ အခြေစိုက် စခန်းအသီးသီးဆီ ပြန်လည် ထွက်ခွာသွားတယ်လို့ ရေးသားခဲ့ပေမယ့် ထရမ့်ကတော့ သိပ်မဝေးတဲ့ နေရာကို ရွှေ့ထားတာလို့ ပြောပါတယ်။
အီရန်စစ်ပွဲအတွင်း ခံစစ် အစီအမံတွေအတွက် ဖဲဖို့ဒ်ကို အသုံးပြုဖို့ ဗြိတိန်က ခွင့်ပြုခဲ့တဲ့နောက် အမေရိကန်ဟာ အဲဒီ လေတပ်စခန်းမှာ B-1နဲ့ B-52 ဗုံးကြဲလေယာဉ်တွေကို အခြေစိုက် ထားရှိခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC



















































